အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ရန်ကုန် ၂၇ ဇူလိုင်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (၄၇)ပါး စုံညီ ပဉ္စမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးစိုးမင်းထွန်းနှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက် ကြည်ညိုကြသည်။

 

အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က သဘာပတိ အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာစာရာဘိဝံသက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော် မူသည်။

 

အစည်းအဝေးတွင် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် များအနက် သာသနာ့ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင် ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြသည်။

 

ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာများနှင့် စပ်လျဉ်း၍ ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော် မူကြပြီး ဒုတိယနေ့ နံနက်ပိုင်းအစည်းအဝေးကို ရပ်နားသည်။

 

မွန်းလွဲ(၁)နာရီတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ သာသနာ့ရေးရာ၊ ပညာရေးရာ များနှင့် စပ်လျဉ်း၍ ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြသည်။

 

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (တတိယအဖွဲ့ခွဲ) ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝေဖန် ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်ကြီးများက ပြန်လည်ရှင်းလင်း လျှောက်ထားတော်မူကြပြီး ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က အတည်ပြုချက်ရယူသည်။

 

ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာ မူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူကြပြီး သာဓု သုံးကြိမ်ခေါ်ဆိုကြကာ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

 

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းအလှူရှင်အဖြစ် ကိုထွန်းထွန်း-မအိသူဇာ မိသားစုက လည်းကောင်း၊ နေ့ဆွမ်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံ ဝေဠုဝန်ရွှေကျင်ကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းအမှတ်စဉ် (၁၈) မှ ဆရာ၊ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ၊ ဓမ္မမိတ်ဆွေဒါယကာ၊ ဒါယိကာမများက တိံသတိမအကြိမ် (၃၀) မြောက် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

သတင်းစဉ်