အုပ်စုနောက်ဆုံးပွဲစဉ်တွင် ပြင်သစ်နှင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သော်လည်း အကောင်းဆုံးအုပ်စု တတိယဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည့် ပေါ်တူဂီ

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် (၃) အဖြစ် အုပ်စု (F) မှ ယူရိုလက်ရှိချန်ပီယံ ပေါ်တူဂီအသင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးများကို စီရော်နယ်ဒိုက သွင်းယူပေးပြီး ပြင်သစ်အသင်းအတွက် သွင်းဂိုးများကို ဘင်ဇီမာက သွင်းယူပေးနိုင်ခဲ့သည်။ ပြင်သစ်အသင်းသည် ယူရိုပြိုင်ပွဲတွင် သုံးပွဲကစား တစ်ပွဲနိုင်၊ နှစ်ပွဲသရေ ရမှတ်ငါးမှတ်ဖြင့် အုပ်စုပထမရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည်။ ပြိုင်ဘက် ပေါ်တူဂီအသင်းကလည်း ယနေ့ ပွဲစဉ်တွင် သရေကျခဲ့သောကြောင့် သုံးပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ်လေးမှတ်ဖြင့် အကောင်းဆုံးအုပ်စု တတိယရရှိကာ ယူရိုပြိုင်ပွဲ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် ပေါ်တူဂီအသင်းအတွက် နှစ်ဂိုးစလုံး သွင်းယူပေးနိုင်ခဲ့သည့် အသင်း ခေါင်းဆောင် စီရော်နယ်ဒိုသည် ၁၉၉၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အီရန်အသင်းအတွက် စံချိန်တင်ထားခဲ့သော အလီဒါယီ၏ နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးစံချိန်ကို လိုက်မီသွားခဲ့သည်။ ထို့ကြောင့် စီရော်နယ်ဒို အနေဖြင့် လာမည့်ပွဲစဉ်တွင် သွင်းဂိုးရရှိကာ အဆိုပါ စံချိန်ကို ကျော်ဖြတ်သွားနိုင်မလား စောင့် ကြည့်ရ မည်ဖြစ်သည်။ ထို့ပြင် စီရော်နယ်ဒိုသည် ယခုနှစ်တွင် ကျင်းပသည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် သုံးပွဲကစား ပြီး ငါးဂိုးအထိ သွင်းယူ ထားနိုင်သည့်အတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည် နိုင်ခဲ့သည်။

အုပ်စု (F) မှ အခြားသော ပွဲစဉ် (၃)အဖြစ် နာမည်ကြီး ဂျာမနီအသင်းနှင့် ဟန်ဂေရီအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ပြီး တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ထို့ကြောင့်  ဂျာမနီအသင်းသည် ယူရိုပြိုင်ပွဲတွင် သုံးပွဲ ကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲ ရမှတ်လေးမှတ်ဖြင့် အုပ်စုဒုတိယနေရာ ရရှိကာ နောက်တစ်ဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် ဂျာမနီအသင်းသည် ဟန်ဂေရီအသင်းအပေါ် ကစားကွက်ပိုင်း၊  နည်းဗျူဟာပိုင်း သိသိသာသာ အသာစီးရယူထားနိုင်ခဲ့သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်မသေချာမှု၊ ဟန်ဂေရီဂိုးသမား လက်စွမ်းပြကာကွယ်ထားနိုင်မှုတို့ကြောင့် ခက်ခက်ခဲခဲကစား ခဲ့ရပြီး တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။ ဟန်ဂေရီအသင်းသည် ဂျာမနီအသင်းကို အကောင်းဆုံး ပုံစံဖြင့် တုံ့ပြန်ယှဉ်ပြိုင်ကစားခဲ့သော်လည်း တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သောကြောင့် သုံးပွဲကစားထားရာ နှစ်ပွဲသရေကျပြီးတစ်ပွဲ ရှုံးနိမ့်ခဲ့သောကြောင့် ရမှတ်နှစ်မှတ်ဖြင့် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ယူရို ၂ဝ၂ဝ ကို အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။

ယူရို ၂၀၂၀ ၁၆ သင်းအဆင့်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ရာ ဇွန် ၂၆ ရက်တွင် ဝေးလ် အသင်းနှင့် ဒိန်းမတ်၊ အီတလီအသင်းနှင့် ဩစတြီးယားအသင်း၊ ဇွန် ၂၇ ရက်တွင် နယ်သာလန်အသင်းနှင့် ချက်အသင်း၊ နာမည်ကြီး ဘယ်လ်ဂျီယံအသင်းနှင့် လက်ရှိချန်ပီယံ ပေါ်တူဂီအသင်း၊ ဇွန် ၂၈ ရက်တွင် ခရိုအေးရှား အသင်းနှင့် စပိန်အသင်း၊ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနှင့် ဆွစ်ဇာလန်အသင်း၊ ဇွန် ၂၉ ရက်တွင် နာမည်ကြီး အင်္ဂလန်အသင်းနှင့် ဂျာမနီအသင်း၊ ဆွီဒင်အသင်းနှင့် ယူကရိန်းအသင်းတို့ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

ထို့ကြောင့် ယူရို ၂၀၂၀ ၁၆ သင်းအဆင့် ပွဲစဉ်များတွင် မည်သည့်အသင်းက နိုင်ပွဲရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွား နိုင်မလဲ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်သည်။

အောင်ဇော်