အုတ်ချပ်၊ သဲပွင့်ပေါင်းများစွာမှသည် နိုင်ငံတော်၏ ခွန်အားထုဆီသို့…

အုတ်ချပ်၊ သဲပွင့်ပေါင်းများစွာမှသည် နိုင်ငံတော်၏ ခွန်အားထုဆီသို့…

 

နွေကံ့ကော်(မြို့လှ)

 

နေပြည်တော်မြို့ကြီးက ဇူလိုင်လလယ်ကာလအတွင်း ပိုမိုစိမ်းစို နုပျိုနေသည့်အသွင်ဆောင်နေပါသည်။ မိုးနှင့်အတူ စိမ်းစိုနေသည့် သစ်ပင်ပန်းမန်များ၊ လယ်ကွင်းစိမ်းစိမ်းများနှင့် ပနံရနေသည့် နေပြည်တော်မြို့ပြသရုပ်အား အနယ်နယ်အရပ်ရပ်မှ ရောက်လာကြ သော ၂၀၁၉-၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းအောင် မောင်မယ်လေးများ၏ အဖြူ၊ အစိမ်းဝတ်စုံလေးများက ပိုမိုအားဖြည့်ထားခဲ့ပါသည်။ စိမ်းစိုအေးမြနေသော ရာသီနှင့်အတူ တိုင်းပြည်အေးချမ်းခြင်းနိမိတ်ပုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ တိုင်းပြည် အနာဂတ်မောင်မယ်လေးများ၏ ရုပ်ပုံလွှာများကို မြင်ရသဖြင့် စာရေးသူ ရင်ထဲတွင်လည်း ချမ်းမြေ့ကြည်နူးမိပါသည်။

 

ဆုချီးမြှင့်ပွဲ မှတ်တမ်းပုံရိပ်များ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ များနှင့် ဘက်စုံပညာထူးချွန် လူငယ်များအား ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ပါသည်။ ဆုချီးမြှင့်ပွဲ မှတ်တမ်းပုံရိပ်များတွင် ဆုလက်ခံ ရယူသူ၏ရှေ့တွင် မိဘအမည် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် ဝမ်းသာပီတိဖြစ်မိခဲ့သည်။ မိမိတို့၏ကြိုးစားမှုဖြင့် မိဘကို ဂုဏ်တင့်အောင်ဆောင်ရွက်ပေးခဲ့သော မောင်မယ်လေးများ ပါလားဟူသောအတွေး ရင်ထဲရောက်လာခဲ့သည်။ ဆုလက်ခံရယူစဉ်နှင့် နေပြည်တော်သို့ရောက်ရှိပြီး လေ့လာရေးခရီးများ သွားရောက်ခဲ့ကြစဉ် မောင်မယ်လေးများ၏ မျက်နှာလေးများသည် ကျေနပ်ဂုဏ်ယူမဆုံး တပြုံးပြုံးရှိနေခဲ့ကြသည်။ ရရှိသည့်ဆုကြေးငွေတို့ထက် ဆုလက်ခံရယူရသည့် မှတ်တမ်းနှင့် အနယ်နယ် အရပ်ရပ်မှ သူငယ်ချင်းတို့နှင့် ဆုံတွေ့ရခြင်း အတွေ့အကြုံဗဟုသုတများ တိုးပွားခြင်းတို့က ပိုမိုတန်ဖိုးထားစရာများဖြစ်ခဲ့သည်။

 

မိဘများအနေဖြင့်လည်း မိမိတို့၏သားသမီးများ ထိုသို့ဆုလက်ခံ ရယူသည့်မြင်ကွင်းနှင့် ထူးချွန်မှုကြောင့် ရရှိလာသောအခွင့်အရေးများ အပေါ် ကြည့်ကာ ဝမ်းသာပီတိများ တဖွားဖွားဖြစ်နေမည်မှာ မလွဲဧကန် ပင်ဖြစ်ပါသည်။ ဤနေရာတွင် စာရေးသူအနေဖြင့် လောကနီတိပါ အဆိုအမိန့်လေးတစ်ခုကို သတိရမိလိုက်၏။

 

(က) မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရာ၏။

(ခ) အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့သို့ ပရိသတ်ဗိုလ်ပုံအလယ်၌ မတင့်မတယ်ဖြစ်ရာ၏။

(ဂ) အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့် မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏ဟူသော အဆိုအမိန့်ပင် ဖြစ်ပါသည်။

 

“မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်” တည်းဟူသော မိဘ ကျင့်ဝတ်ပါအတိုင်း သားသမီးများကို အတတ်ပညာသင်ပေးသော မိဘများကြောင့် သားသမီးတို့ လမ်းကြောင်းမှန်ပေါ်ရောက်ကြရသည်။ ထို့နောက် ကိုယ်စိုက်သောအပင် ကိုယ်ပြန်ရိတ်သိမ်းရသည်ဟူသော စကားအတိုင်း ကြိုးစားမှုနှင့်ထိုက်တန်စွာ အောင်မြင်မှုများရလာကြ သည်။ ယနေ့ မောင်မယ်တို့၏ အောင်မြင်မှုအသီးအပွင့်များသည် နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ်စေမည့် ခွန်အားထုများဖြစ်ပေ သည်။ သားသမီးကို ငယ်စဉ်ကတည်းက အတတ်ပညာ၊ အသိပညာ များ မသွန်သင်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ငယ်စဉ်က နားထောင်ဖူး ခဲ့သည့် မိခင်နားရွက်ပြန်ကိုက်သော လုလင်၏လုပ်ရပ်ကို နားထဲပြန်ကြားယောင်မိသည်။ ထိုသားအမိဥပမာသည် အထက်တွင် တင်ပြ ခဲ့သည့် လောကနီတိပါ နောက်ဆုံးအချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရှိရပါသည်။

 

ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းချင်သော အဖိုးတန်မျိုးဆက်သစ်

 

ကိုယ်စိုက်သောအပင်ကို ကိုယ်ပြန်ရိတ်သိမ်းခွင့်ရသော မောင်မယ်လေးများကိုကြည့်၍ သူတို့အတွက်၊ သူတို့မိဘများအတွက် ဝမ်းသာပီတိ ဖြစ်မိသလို အနာဂတ်နိုင်ငံတော်အတွက်လည်း အားရကျေနပ်မိပါသည်။ တစ်ဆက်တည်းအားဖြင့် မိဘနှင့်သားသမီး ရန်သူမည်အောင် ဆောင်ရွက်နေသည့် လူသားတချို့အတွက် စိတ်မကောင်းဖြစ်မိပါသည်။ တစ်ချိန်က အတန်းတူသူငယ်ချင်းများ တစ်ဆင့်မြင့်အတန်းများကို ရောက်ရှိသွားကြချိန်တွင် အမိအဘတို့၏ အမျိုးသားနိုင်ငံရေး အသိအမြင်မကြွယ်ဝမှုများက သားသမီးများကို မျက်နှာငယ်စေခဲ့ရသည်။ ဧကန်စင်စစ် ကလေးငယ်များသည် အဖြူထည်လေးများဖြစ်ကြ၏။ စာသင်ကျောင်းထဲတွင် သူငယ်ချင်းများနှင့် ပြေးလွှားဆော့ကစားချင်သည်။ သူများစာရလျှင် ကိုယ်လည်းစာရချင်သည်။ သူများတစ်တန်း တက်လျှင် ကိုယ်လည်းတစ်တန်းတက်ချင်သည်။ အပြစ်ကင်းပြီး ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းချင်သော အဖိုးတန်မျိုးဆက်သစ် အချို့မိဘတို့၏ လွဲမှားသည့်ခံယူချက်များကြောင့် ပညာရေးအခွင့် အလမ်းကောင်းများ ဆုံးရှုံးကြရသည်။ အချိန်ဆိုသောယန္တရားကြီးက ရပ်တန့်နေမည်မဟုတ်သောကြောင့် မျက်စိမှိတ်လျက် အမှောင်တွင် တိုးနေသမျှ မိမိတို့သားသမီးများက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူငယ်ချင်းများကို ဆရာဟု ပြန်ခေါ်ကြရပါလိမ့်မည်။ ထိုမှတစ်ဆင့် တက်သော် ခေတ်သစ်နားကိုက်ခံရသည့်မိဘများ ဖြစ်လာကြပါလိမ့် မည်။ ဤသည်ကို မိဘများ သတိချပ်စေလိုပါသည်။

 

မိဘများအနေဖြင့် ပညာကိုသာ အကောင်းဆုံးအမွေပေးတတ်

 

မနှစ်ကနှင့်စာလျှင် ယခုနှစ်မှာတော့ ကျောင်းတက်သူဦးရေများ ပိုမိုများပြားလာသည်ကို တွေ့ရပါသည်။ နိုင်ငံတော်အတွက် အပေါင်းလက္ခဏာပင် ဖြစ်ပါသည်။ သို့သော် ဟိုမျှော်ဒီမျှော်ဖြင့် မျှော်မဝဘဲ လုပ်နေသူများလည်း ကျန်ရှိနေပါသေးသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိတ်ရှည်သည်းခံမှုအပြည့်ဖြင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသည့်တိုင် အချို့က မိုက်တွင်းနက် ပြီးရင်းနက်နေကြဆဲ ဖြစ်ပါသည်။ သူတို့ မိုက်တွင်းနက်ရာသို့ ကျွန်ဝယ်ရာ အဆစ်ပါသူက သားသမီး ရင်သွေးရတနာများပင်ဖြစ်ကြပါသည်။ သားသမီးရှေ့ရေး အမှန်တကယ် ပူပင်တွေးတောကြသည့် မိဘများအနေဖြင့် ပညာကိုသာ အကောင်းဆုံးအမွေပေးတတ်ကြပါသည်။ နိုင်ငံရေးနှင့် ဘာသာရေး၊ ပညာရေးကို ခွဲခြမ်းစိတ်ဖြာနိုင်မှသာ မိဘဆရာကောင်းများဟု ဆိုနိုင်မည်ဖြစ်၏။ မြန်မာဆိုရိုးစကားတွင် သားသမီးမကောင်း မိဘခေါင်းဟုသာ ရှိပါသည်။ သားသမီးများ မကောင်းမှုတစ်ခုခုပြုလုပ်မိပါက မိဘတို့ဆီသာ ရောက်လာတတ်စမြဲမို့ လမ်းကောင်းလမ်းမှန် ရောက်စေရေးကိုသာ ရောက်စေလိုကြသည်။ မိဘတိုင်း သားသမီးကို ကောင်းစားစေချင်ကြသည်။ အောင်မြင်စေချင်သည်။ တိုးတက်စေချင်ကြသည်။ အများနှင့်ယှဉ်လာလျှင် သာစေချင်သည်။ ထိုသို့ဖြစ်အောင် ပံ့ပိုးမှုများဆောင်ရွက်ပေးသဖြင့် ယနေ့တွင် နိုင်ငံတော်အကြီးအကဲက ချီးမြှင့်သည့်ဂုဏ်ပြုဆုများကို ရရှိခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း အောင်မြင်မှုအလိုက် ချီးမြှင့်ခြင်းများ ပြုလုပ်ပေးခဲ့သည်။ ကြည့်ရှုခွင့်ရသည့်မျိုးဆက်သစ် မောင်မယ်လေးများအနေဖြင့်လည်း အားကျနေမည်မှာမလွဲပင်ဖြစ်၏။

 

ခေတ်သစ်ကာလတွင် မိခင်ကိုနားကိုက်သောလူငယ်ကို ရာဇဝင်ပုံပြင်ထဲမှာသာ ထားခဲ့လိုပါသည်။ ထိုသို့သောလူငယ်များ တိုးပွားလာမည်ကို မလိုလားပါချေ။ မိဘမကောင်း သားသမီးခေါင်းဟူ၍လည်း မဖြစ်စေလိုပေ။ တကယ်တော့ ရေနှင့်တူသော လူငယ်လူရွယ်များမှာ အပြစ်ကင်းလှပြီး သူတို့ကို ရောစပ်လာမည့် အရောင်များကသာ အဓိကဖြစ်ပါသည်။ အမျိုးသားရေးစိတ်ဓာတ်ကောင်းများကို ရှေ့တန်းတင်လျက် ပညာဖြင့်သာ ထုဆစ်ပုံဖော်မည့် အနာဂတ် နိုင်ငံတော်တွင် မျိုးဆက်သစ်မောင်မယ်တည်းဟူသော အုတ်ချပ်များ၊ သဲပွင့်များ၏အားက အဓိကကျသဖြင့် ထိုအုတ်ချပ်များ၊ သဲပွင့်များ အလေအလွင့်မရှိစေရေး လက်ဦးဆရာများက ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။