အဝမလွန်စေနဲ့…ရင်သားကင်ဆာဖြစ်စေနိုင်တယ်နော်

၇  ဒီဇင်ဘာ

 

လေဒီတို့ရေ။ ဝလို့လှတာ မှန်ပေမယ့် ဝတဲ့နောက်ကွယ်မှာ ချစ်စရာကောင်းတာ တစ်ခုတည်းရှိနေတာ မဟုတ်ပါဘူးနော်။ ဝနေခြင်းရဲ့နောက်ကွယ်မှာ ရောဂါအန္တရာယ်တွ ပေါင်းစုံရှိနေပါတယ်။ လူကို ဒုက္ခပေးနိုင်တဲ့ အဖြစ်များဆုံးအန္တရာယ်ကြီးတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေဆို ဝတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီတစ်ခါလည်း အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သတိပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦး။

 

ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်တွေတချို့က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လို ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ သက်ဆိုင်ပါတယ်။

 

လှုပ်ရှားမှုနည်းတယ်လား

 

ပုံမှန်လှုပ်ရှားမှုမရှိတဲ့သူတွေ၊ အထိုင်များတဲ့သူတွေမှာ ရင်သားကင်ဆာအန္တရာယ်ရှိနိုင်တယ်လို့ သုတေသန အထောက်အထားတွေက ဖော်ပြထားပါတယ်။ ဆက်နွှယ်မှုကို အတိအကျအဖြေ မထုတ်နိုင်ပေမယ့် ကိုယ်အလေးချိန်၊ ရောင်ရမ်းမှုတွေ၊ ဟော်မုန်းနဲ့ ခွန်အားထိန်းညှိမှုတွေရဲ့ သက်ရောက်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ The American Cancer Society ရဲ့အကြံပြုချက်အရ တစ်ပတ်ကို အတော်အသင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း မိနစ် ၁၅၀ နဲ့ အားစိုက်ရတဲ့လေ့ကျင့်ခန်း ၇၅ မိနစ်လောက် လုပ်သင့်ပါတယ်။

 

မလှုပ်ရင် ဝလာမယ်၊ ဝလာလို့ လေးလံပြီး ပိုမလှုပ်ဖြစ်တော့ဘူး။ ဒါနဲ့ပဲသံသရာလည်ရင်း ရောဂါတွေ တိုးလာနိုင်ပါတယ်။

 

ဝနေပြီဆိုရင်

 

နည်းနည်းလေးပြည့်လာတာနဲ့ ဝတယ်ဆိုတာမတူပါဘူးနော်။ တော်ကြာ ငါများဝနေပြီလားဆိုပြီး ဆိုက်ကိုဖောက်ကုန်ပါဦးမယ်။ ကိုယ့်ရဲ့ BMI မှာ overweight (ကိုယ်အလေးချိန်များနေ) ဖြစ်နေပြီ၊ အဝလွန်ဘက်ရောက်နေပြီဆိုမှ စိတ်ပူသင့်ပါတယ်။

 

သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ အဝလွန်လာရင် ရင်သားကင်ဆာအန္တရာယ်ရှိပါတယ်။ သွေးမဆုံးခင်က အက်စထရိုဂျင်ဟော်မုန်းအများစုကို သားဥအိမ်ကနေ ထုတ်ပေးတာဖြစ်ပြီး အဆီတစ်ရှူးကတော့ အက်စထရိုဂျင် ပမာဏအနည်းငယ်သာထုတ်လုပ်ပါတယ်။ သွေးဆုံးပြီးတဲ့နောက် (သားဥအိမ်က အက်စထရိုဂျင်မထုတ်တော့တဲ့အခါ) ဒီဟော်မုန်းကို အဆီတစ်ရှူးဆီက အများဆုံးရရှိပါတယ်။ သွေးဆုံးပြီးနောက်ပိုင်း အဆီတစ်ရှူးတွေများလာခြင်းက အက်စထရိုဂျင်ပမာဏကို မြင့်တက်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

 

အကောင်းဆုံးကတော့ အစားအသောက်ကို ညီညွတ်မျှတအောင်စားသုံးပြီး လှုပ်လှုပ်ရှားရှားနေထိုင်ဖို့၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ပါပဲ။

 

ဒါ့အပြင် ရင်သားကင်ဆာအန္တရာယ်ရှိစေနိုင်တဲ့ တခြားအချက်တွေက ဘာတွေရှိသေးလဲဆိုတော့ –

 

အရက်သောက်ခြင်း

 

လေဒီတို့ကအရက်မသောက်ပါဘူး၊ ဝိုင်လေး၊ ဘီယာလေး၊ ကောက်တေးလေးသောက်တာပါဆိုလို့ မရဘူးနော်။ အယ်လ်ကိုဟောပါတာအကုန် ဒီထဲမှာအကျုံးဝင်ပါတယ်။ ကိုယ်သောက်တဲ့ ပမာဏကို လိုက်ပြီး ရင်သားကင်ဆာအန္တရာယ်က ပိုပြီးတိုးလာတာပါ။ လေ့လာမှုတွေအရ ဝိုင်၊ ဘီယာ ဒါမှမဟုတ် အရက်တစ်ခုခုကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ အယ်လ်ကိုဟော မသောက်တဲ့သူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများပါတယ်။ လုံးဝမရှောင်နိုင်ရင်တောင် တစ်နေ့ကို တစ်ခွက်ထက်ပို မသောက်သင့်ပါဘူးလို့ ပညာရှင်တွေက သတိပေးပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါလိမ့်မယ်။

 

ကလေးမမွေးဖူးခြင်း

 

ကလေးမမွေးဖွားဖူးတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် အသက် ၃၀ ကျော်ပြီးမှ ပထမဆုံးကလေး မွေးဖူးသူတွေမှာ တခြားသူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ပိုများပါတယ်။ အသက်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖူးလေ ရင်သားကင်ဆာအန္တရာယ် ပိုနည်းလေ ဖြစ်ပါတယ်။

 

မိခင်နို့မတိုက်ဖူးခြင်း

 

ဒါကတော့ ကလေးမွေးဖူးတဲ့ မိခင်တွေနဲ့ပဲဆိုင်မှာပေါ့။ မိခင်နို့တိုက်ကျွေးခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

 

ရင်သားကင်ဆာဆိုတာ မျိုးဗီဇကြောင့်ဖြစ်ရတာကလွဲလို့ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် အပြုအမူ၊ နေထိုင်မှုပုံစံတွေကိုဂရုစိုက်ပြီး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ညီတာတွေပဲစားပါ၊ ကိုယ်လက် လှုပ်ရှားမှုမှန်မှန်လုပ်ပါ၊ ကိုယ်အလေးချိန်ထိန်းပါ ဆိုတဲ့အချက်သုံးချက်နဲ့တင် ရောဂါအတော်များများကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

 

ရေးသားသူ Yun Sandi Nan Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”