ဗောယာကို ဖယ်ရှားလိုက်လျင် ပိုမိုအန္တရာယ်ရှိနိုင်သဖြင့် ပြောင်းရွှေ့ချထားရန် အစီအစဉ်မရှိကြောင်း ဒေါ်နီလာကျော်ပြောကြား

ရန်ကုန် ၂၄ မေ

“လက်ရှိချထားသော ဗောယာများမှာ သမ္ဗာန်များအပါအဝင် မြစ်တွင်းသွားရေယာဉ်များ အားလုံးအတွက် ရည်ရွယ်တွက်ချက်ပြီး အနည်းဆုံး လိုအပ်ချက်ကိုသာ ချထားခြင်းဖြစ်ပြီး ဗာယာတွင် ကြိုးချဉ်ထားခြင်းအားဖြင့် တည်နေရာပြောင်းရွှေ့မှု မရှိခြင်းကြောင့် ပိုမိုအန္တရာယ်ကင်းကာ ဗောယာကို ဖယ်ရှားလိုက်လျင် ရေယာဉ်တစ်စီးခြင်းစီက အဆင်ပြေသလို ကျောက်ချကြမည်ဖြစ်ပါ၍ ပိုမိုအန္တရာယ်ရှိမည် ဖြစ်ခြင်းကြောင့် ပြောင်းရွှေ့ချထားရန် အစီအစဉ်မရှိပါကြောင်း” လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

ယနေ့နံနက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ''ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်များသို့ အခြေပြုပြေးဆွဲနေသော စက်တပ်ရေယာဉ်နှင့် သမ္ဗာန်ဂိတ်များအနီး ဝင်ထွက် ရေလမ်းကြောင်းတွင် ဗောယာများချ၍ တွဲသင်္ဘော ဆိုက်ကပ်ထားခြင်းအား ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ၊ ရေလမ်းကင်းလွတ်သည့် နေရာများတွင် ဗောယာနှင့်တွဲများ ဆိုက်ကပ်နိုင်ရန်အတွက် နေရာသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်အခါတွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်'' မေးမြန်းခဲ့ရာ ဝန်ကြီးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် မေးခွန်းရှင်က “မကြာခင် မုတ်သုံမိုးဝင်လာမည်ဖြစ်သဖြင့် ရန်ကုန်မြစ်သည် ရေစီးရေကျနှုန်း ၆ မိုင်ဖြစ်သည့်အတွက် အန္တရာယ်ရှိပါကြောင်း၊ သက်ဆိုင်ရာသမ္ဗာန်ဂိတ်နှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ လိုင်စင်ဝင်စဉ်က သတ်မှတ်ထားသော သက်ကယ်ဗောများ၊ လိုအပ်သည့် ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စများကို ထုတ်ပြန်ပေးရန် အကြံပြုတင်ပြပါကြောင်း ဆက်စပ်မေးခွန်းအနေဖြင့် မေးမြန်းရာ ဝန်ကြီးက ယခုအခါ ပြည်ထောင်စု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ရေကြောင်းတွင်သွားလာ မှုများနှင့် ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ Working Committee ကဲ့သို့ လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းများ ဆောင်ရွက်နေသည့်အတွက် လိုအပ်သော အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

MDN