ဘားအံ၊ ဘူးသီးတောင်၊ တာချီလိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၆

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာရှိ ရာဘာခြံအနီးတွင် စောစိန်မြသိန်း(ခ)အမုန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ ကို လည်းကောင်း၊ ကွင်းဆက်အရ ညပိုင်းတွင် ကော့ထော်ကျေးရွာနေ ညွန့်သန်း၏နေအိမ်သို့ ဆက်လက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီတွင်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်း ကျေးရွာအနီးရှိ ဓနိတောတွင် ဆာလာအိတ်တစ်လုံးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံ ကျေးရွာအနီးတွင် အားဖီးမောင်းနှင်ပြီး အားဆော်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကန်ကြီးကျေးရွာ အုပ်စု၊ ကန်ကြီးကျေးရွာအနီး၊ ရပ်စောက်-နောင်ချိုသွားကားလမ်းတွင် ရွှင်လန်းမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ ကို  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)