ဘားအံမြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာများတွင်  မဲဆန္ဒရှင် စာရင်းများကြေညာ ပြသပေးထား

ဘားအံ ၂၉ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်ရုံး ၉ ရုံးနှင့် ကျေးရွာများတွင်  မဲဆန္ဒနယ်မြေ အလိုက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ကြည့်ရှုနိုင်ရေးအတွက် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ၁၄ရက်တာအတွင်း ပထမအကြိမ် ကြေညာ ပြသထားကြောင်း သိရသည်။

 

ဘားအံမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားပေးပြီး ပညာပေး လှုံ့ဆော် သီချင်းများဖွင့်ခြင်း၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက မဲစာရင်းကြည့်ရှုနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

မဲဆန္ဒရှင်စာရင်းများ ကြေညာချက်ကို ပြည်သူများသိရှိနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်းများကို တိကျမှန်ကန်မှုရှိစေရေး မဲစာရင်း လာကြည့်သော ပြည်သူများအနေဖြင့် မဲစာရင်းကြည့်ရှုရာတွင် အမည်မပါလျှင် ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူ တွေ့မြင်ရပါက ပုံစံ ၄ ဖြင့်လည်းကောင်း၊ အချက်အလက် မှားယွင်းနေပါက ပုံစံ ၄(ဂ)ဖြင့်လည်ကောင်း ၁၄ ရက်အတွင်း အချိန်မီ ဖြည့်စွက် လျှောက်ထားနိုင်ကြောင်းနှင့်  ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ ဘားအံမြို့နယ်တွင် မဲရုံပေါင်း၂၃၀၊ မဲဆန္ဒရှင် ၃၆၀၀၀၀ ကျော်ခန့် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသောင်းထွန်းထံမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)