ဘားအံမြို့တွင် မိုးဦးကာလနှင့် မိုးကာလတို့တွင် ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးဒဏ်များ ကူညီဆောင်ရွက်နိုင်ရေး ကြိုတင်လေ့ကျင့်

ဘားအံ  ၂၉  ဧပြီ

 

မိုးဦးကာလနှင့် မိုးကာလတို့တွင် အဖြစ်များလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက် ပေးနိုင်ရေး ကြိုတင်လေ့ကျင့် ဇာတ်တိုက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကန်သာယာတွင် ပြုလုပ်ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဘားအံခရိုင် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးသန့်ဇင်ဝင်း ဦးဆောင်၍ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် ကန်သာယာအတွင်း လှေဖြင့်အသက်ကယ်ခြင်း၊ ရေကူးဝတ်စုံဖြင့် အသက်ကယ်ခြင်း၊ သဘာဝဘေး ဖြစ်ပေါ်သည့်အခါ ယာယီခိုနားနိုင်ရန် ရွက်ဖျင်တဲများ ပြင်ဆင်ခြင်း၊ မိုးလေကြောင့် သစ်ပင်များလဲပိခြင်းများ ဖြစ်ပေါ်လာပါက ချိန်းစောဖြင့် ရှင်းလင်းခြင်း၊ အဆင့်မြင့် မီးသတ်ကားကရိန်းယာဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြသခြင်းများကို  ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဘေးဟူသမျှ လျှင်မြန်ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် ကြိုတင်စီစဉ်သည့်အနေဖြင့် ဇာတ်တိုက်ခြင်းဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်တွင် အမျာအားဖြင့် ရေကြီးခြင်း၊ လေတိုက်ခြင်း၊ မြေပြိုခြင်း၊ မီးလောင်ခြင်းများ အဓိကဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)