ဘာစီလိုနာအသင်းကခေါ်ယူရန် ပစ်မှတ်ထားနေသည့် စတားလင်းကို မန်စီးတီးအသင်း ရောင်းချလို

နိုဝင်ဘာ ၁၄

ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းသည် လာလီဂါနာမည်ကြီး ဘာစီလိုနာအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား စတားလင်းကို ပေါင် ၄၅ သန်း ဝန်းကျင်ဖြင့် ရောင်းချသွားဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ စတားလင်းသည် ၂၀၁၅ ခုနှစ်တွင် မန်စီးတီးအသင်းသို့ ပြိုင်ဘက်လီဗာပူးအသင်းမှ ပေါင်သန်း ၅၀ ဖြင့် ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် အီတီဟက်တွင် ခြောက်နှစ်ကြာဖြတ်သန်းပြီး ပွဲ ၃၀၇ ပွဲတွင် ၁၁၆ ဂိုးသွင်းယူပေးထားနိုင်သူဖြစ်သည်။ နောက်ပိုင်းပွဲစဉ်များတွင် မန်စီးတီးအသင်း၌ ဖီးလ်ဖိုဒင်နှင့် ဂျက်ဂရီးလစ်ချ်တို့ ခြေစွမ်းပြသထားနိုင်မှုကြောင့် စတားလင်းအနေဖြင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်သည်။ မန်စီးတီးအသင်းနှင့် စတားလင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိ ချုပ်ဆိုထားသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် စတားလင်းကို စာချုပ်ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ပျက်ပြယ်ခဲ့ဖူးကြောင်း သိရသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် စတားလင်းကို ခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရမည် ဖြစ်သည်။

အောင်ဇော်