ဘာစီလိုနာနှင့် လီဗာပူးကစားသမားဟောင်း မာရှေယာနို ကစားသမားဘဝမှ အနားယူ

၁၆ နိုဝင်ဘာ

 

အသက် (၃၆)နှစ်အရွယ်ရှိ အာဂျင်တီးနားကွင်းလယ်လူ မာရှေယာနိုက သူ့အနေနဲ့ ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ကြေညာခဲ့ပါတယ်။

 

သူဟာ အင်ဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး ဥရောပအသင်းကြီးတွေ များစွာက ချိတ်ဆက်နေတဲ့ကြားကပဲ ဝက်စ်ဟမ်းအသင်းကို အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့ကစားခဲ့ပြီး ဝင်စ်ဟမ်းအသင်းမှာ တစ်ရာသီပဲ ကြာမြင့်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကနေ လီဗာပူး၊ လီဗာပူးကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းနဲ့အတူ ဘာကာမှာတော့ သူ့ရဲ့ ကစားသမားဘဝ အအောင်မြင်ဆုံး အချိန်ကို ပိုင်ဆိုင်ခဲ့တယ်လို့  ဆိုရမှာဖြစ်ပါတယ်။ ဘာကာမှာ ကစားခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်း ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်နဲ့ လာလီဂါဖလားငါးကြိမ်အထိ ဆွတ်ခူးခဲ့ကာ မွေးရပ်မြေအာဂျင်တီးနားကလပ် အက်စတူဒီယန်းတီးစ် အသင်းမှာ ပြန်လည်ကစားနေစဉ်မှာပဲ အနားယူမယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

 

မာရှေယာနိုက “ကျွန်တော်ဒီနေ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူပြီးဆိုတာ ကြေညာချင်ပါတယ်။ ယခုလို မွေးရပ်မြေမှာ  ကစားသမားဘဝကို အဆုံးသတ်ခွင့်ရအောင် ကူညီပေးခဲ့ကြသူတွေ အကုန်လုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်” လို့ ကြေညာခဲ့ပါတယ်။

 

မာရှေယာနိုဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက်  ၁၄၇ပွဲကစားပေးခဲ့ပြီး  တရုတ်ကလပ် ဟီဘေးချိုင်းနားဖော်ကျွန်းကလပ်အသင်းကို မပြောင်းရွှေ့ခင် ဘာစီလိုနာအသင်းမှာ ၂၀၁၀ကနေ ၂၀၁၈ခုနှစ်အထိ ရှစ်ရာသီကြာ ကစားခဲ့ပါတယ်။

 

မေလဲ့သင်း