ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန် မကြိုးစားဘဲ ပီအက်စ်ဂျီနှင့်သာ စာချုပ်သက်တမ်း တိုးရေး ကြိုးပမ်းနေသည့် နေမာ

၁  နိုဝင်ဘာ

 

 

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာအနေဖြင့်  ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရေးထက် လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနှင့်သာ စာချုပ်သက်တမ်း တိုးရေးကို ပထမဦးစားပေး အဖြစ် ကြိုးပမ်းနေကြောင်း  ပြင်သစ်မှ လာသော သတင်းရင်းမြစ်များက ဆိုသည်။

 

 

နေမာမှာ ဘာစီလိုနာမှ ပီအက်စ်ဂျီအသင်းသို့  ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့်  ၂၀၁၇ ခုနှစ်နွေဈေးကွက်အတွင်း ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။  ၎င်းမှာ ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်း နှစ်နှစ် ကျန်ရှိနေသေးသော်လည်း  သက်တမ်း တိုးရန်ကြိုးပမ်းနေခြင်းဖြစ်သည်။

 

 

နေမာကို ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့က ခေါ်ယူရန်  ဆက်သွယ်ခဲ့သော်လည်း  ကစားသမားကိုယ်တိုင်က  ရီးယဲလ်ထက် အသင်းဟောင်း ဘာကာသို့သာ ပြန်လည်ပြောင်းရွှေ့ရန်  ဆန္ဒရှိနေခဲ့သည်။ သို့ရာတွင် ယခုမူ ဘာစီလိုနာအသင်း၏ မတည်ငြိမ်သော  အနေအထားကြောင့်   ဘာစီလိုနာသို့ ပြောင်းရွှေ့ရေးထက်  ပီအက်စ်ဂျီအသင်းနှင့်သာ  စာချုပ်သက်တမ်း ဆက်တိုးရေးဘက်ဆီသို့ သဘောထား ပြောင်းလဲလာခြင်းဖြစ်သည်။

 

 

ကစားသမားကိုယ်တိုင်က ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်လ်ခီလိုင်ဖီက ၎င်းကို တစ်နှစ် ပေါင်  ၃၂ ဒသမ ၄ သန်းဖြင့် ငါးနှစ်စာချုပ်သက်တမ်း ထပ်တိုးလိုနေကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ပီအက်စ်ဂျီအသင်းသည် နေမာအပြင် တိုက်စစ်မှူး ဘာပေကိုလည်း သက်တမ်း ဆက်လက်တိုးရန် ကြိုးပမ်းနေကြောင်း သိရသည်။

 

မေလဲ့သင်း