ဘာကို တန်ဖိုးထားကြမလဲ

၂ နိုဝင်ဘာ

 

တန်ဖိုးထားမှုအကြောင်းကို ဆင်ခြင်ကြည့်လျှင် လူ့လောကကြီးထဲက လူအမျိုးမျိုးတို့၏ တန်ဖိုးထားမှုအမျိုးမျိုးတို့ကို သတိပြုမိနိုင်၏။ လူတစ်ဦး ချင်းစီ၏ ဗီဇ၊ မွေးဖွားကြီးပြင်းလာခဲ့ရာ မိဘဆွေမျိုး အသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်တို့အပေါ်မူတည်ပြီး လူအမျိုးမျိုး စိတ်အထွေထွေဆိုသကဲ့သို့ တန်ဖိုးထားမှုအမျိုးမျိုး ရှိနေကြ၏။

 

 

မိမိတို့၏ဘဝမှာ စဉ်းစားဆုံးဖြတ်စရာ လမ်းအကွေ့အချိုးများ၊ ရင်ဆိုင် ဖြေရှင်းရမည့် ပြဿနာများ၊ ထိပ်တိုက်တိုးရတော့မည့် ခေါင်းစဉ်များ ပေါ်လာသည့်အခါတိုင်း လူတစ်ဦးချင်းစီမှာရှိသည့် မိမိ ဘာကို တန်ဖိုးထား သလဲဆိုသည့်အချက်က အရေးပါလာလေ့ရှိပါသည်။

 

 

အလွန်ခက်ခဲကျပ်တည်းနေချိန်၊ ရွေးချယ်စရာနည်းပါးနေချိန်မှာ မိဘကို ဦးစားပေးသည့်အဖြစ်မျိုး၊ လိုအပ်နေသည့် ငွေကြေးအစား မိမိ၏ ဂုဏ်သိက္ခာကို ရှေ့တန်းတင်လိုက်သည့် အနေအထားမျိုး၊ အလွန်အမင်း တွန်းထိုးထွက်လာသည့် လောဘဒေါသတို့ကို မျိုသိပ်ပြီး မိမိ၏ရင့်ကျက် သဘောထားကြီးမှုကို ပထမထားလိုက်သည့် ခံယူချက်မျိုး၊ မိမိ၏ အသက် ကိုပင် ပဓာနမထားဘဲ သီလကို အပျက်မခံသည့် ဆုံးဖြတ်ချက်ချလိုက်သည် မျိုးတို့ကို ကြုံဖူး တွေ့ဖူး၊ ကြားဖူးကြပါမည်။

 

 

ထို့အတူ ဘယ်သူသေသေ ငတေမာပြီးရောဆိုသူများ၊ ဘနဖူး သိုက်တူး ကြသူများ၊ မိမိ၏ တစ်ကိုယ်တော်ကောင်းစားရေးကလွဲ၍ ကျန်တာမမြင် ကြသူများ၊ ဂုဏ်သိက္ခာကို ငွေကြေးဥစ္စာနှင့် ရောင်းပစ်လိုက်ကြသူများ၊ တစ်ခဏ ပျော်ရွှင်မှုနှင့် ကျန်းမာရေးကို အလဲအထပ် လုပ်ကြသူများကို လည်း ဆုံဖူးကြပါမည်။

 

 

တိုးတက်ဖွံ့ဖြိုးရေးနှင့် သဘာဝရေမြေပတ်ဝန်းကျင်တို့ကို ထိန်းသိမ်း ရေးတို့ကဲ့သို့သော အချို့ ချိန်ညှိရသည့် တန်ဖိုးထားမှုမျိုးလည်း ရှိပါသည်။ မည်သည့်နေရာတွင် မည်မျှလောက် မည်သည်က ပို၍တန်ဖိုးထားရမလဲ ဆိုသည့် အဆုံးအဖြတ်မျိုးရှိပါသည်။

 

ဤသည်တို့၏ ဇာစ်မြစ်သည် တန်ဖိုးထားမှုကလာခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ဘဝမှာ မိမိဘာကို တန်ဖိုးထားသလဲဆိုသည်က မိမိ၏ဘဝကို ပြဋ္ဌာန်းသည်ပဲ ဖြစ်ပါမည်။

 

 

လောကအကျိုး၊ နိုင်ငံအကျိုး၊ အများပြည်သူအကျိုးနှင့် မိမိ၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတို့အကြား ဘာကိုတန်ဖိုးထား ဦးစားပေး မလဲဆိုသည်က ထိုသူ၏ မြင့်မြတ်မှု၊ ခမ်းနားကြီးကျယ်မှု၊ ဂုဏ်ကျက် သရေရှိမှုတို့ကို ဖော်ပြပေးနေမည် ဖြစ်ပါသည်။

 

သူတော်စင်များ၊ တကယ့်နိုင်ငံရေးသမားများ၊ ပညာရှင်စစ်စစ်များ ကြားတွင် ဘာကိုတန်ဖိုးထားသလဲဆိုသည့်အချက်က သာမန်လူများနှင့် မတူဘဲ သိသာထင်ရှားကွဲပြားနေခြင်းဖြင့် လူအများ၏ ရိုသေလေးစားမှု၊ အားကိုးယုံကြည်မှုကို မြင့်မားစေနိုင်ပါလိမ့်မည်။

 

 

ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာတို့သည် တန်ဖိုးထားတတ် မှုများပေါ်တွင် အဓိကအားဖြင့် တည်ရှိနေသည်ကို သိရှိခြင်းဖြင့် လည်း ကောင်း၊ ထိုသို့ မှန်ကန်သည့် တန်ဖိုးထားတတ်မှုကို ထိန်းသိမ်းကျင့်ကြံ လုပ်ဆောင်ကြခြင်းဖြင့် လည်းကောင်း၊ တစ်နည်းအားဖြင့်ဆိုရလျှင် လူတို့ ၏ တန်ဖိုးထားမှု မှန်ကန်မှသာလျှင် မြင့်မြတ်သော လူသားပီသသော ဘဝကိုရမည်ဟု ယုံကြည်မိပါကြောင်း။ ။

 

 

မြန်မာ့အလင်း