ဘာလီကျွန်းတွင် ပလပ်စတစ်အမှိုက်များ စုပုံရောက်ရှိ

၈ မတ်

 

ဘာလီကျွန်းရဲ့ ပင်လယ်ပြင် ဂေဟစနစ်နဲ့ သလင်းအကြည်ရောင်လို ကြည်လင်တဲ့ ရေရှိ သဘာဝ ရှုခင်းတွေရဲ့ ကျော်ကြားမှုဟာ ခရီးသွားများစွာကို ဖမ်းစားနိုင်ပေမယ့် အဲဒီကျော်ကြားမှုဟာပဲ ဘာလီကျွန်းရဲ့ ကြည်လင်တဲ့ ရေအောက် မျက်နှာပြင်အတွက် အန္တရာယ်ကျရောက်စေကြောင်း ဗြိတိန် ရေငုပ်သမား ရစ်ချ် ဟော်နာရဲ့ ရေအောက်ဗီဒီယိုက သက်သေပြလိုက်ပါတယ်။

 

ဘာလီကျွန်းအနီး မန်နာပွိုင့်ဟာ လူသိများတဲ့ ရေငုပ်ရာနေရာဖြစ်ပြီး ပင်လယ်ရေစီးကြောင်းမှာ ပလပ်စတစ်တွေနဲ့ အခြားအမှိုက်သရိုက်တွေ မျောပါနေတာကို တွေ့ရပါတယ်။

 

ဘာလီကျွန်းမှာ အမှိုက်သရိုက်တွေ စုပြုံလာတာဟာ အင်ဒိုနီးရှားနိုင်ငံအတွက် အရှက်ရစရာ ဖြစ်လာပြီး ပြဿနာဟာ ပိုမိုကြီးထွားလာတာကြောင့် သက်ဆိုင်ရာက ဂျင်ဘာရန်၊ ကူတာနဲ့ စမင်န်ညာ ကျွန်းတွေ အပါအဝင် ဘာလီကျွန်းဆွယ် ကိုဖြတ်ပြီး ၆ ကီလိုမီတာ အကွာအဝေးကို အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။

 

ရစ်ချ် ဟော်နာရိုက်ကူးခဲ့တဲ့ ဗီဒီယိုကို လူသန်းပေါင်းများစွာ ကြည့်ခဲ့ကြပြီး ပုလင်းများ၊ ခွက်အပိုင်းအစများ၊ ကောက်ရိုးအမှိုက်များနဲ့ အခြားအမှိုက်သရိုက်များကြားမှာ ရေငုပ်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ “ ပလပ်စတစ် အိတ်တွေ၊ ပလပ်စတစ်အိတ်တွေမှ အများကြီးပါပဲလို့” ရစ်ချ် ဟော်နာ ပြောခဲ့ပါတယ်။

 

တရုတ်နိုင်ငံ ပြီးရင် အင်ဒိုနီးရှားဟာ ကျွန်းဆွယ်တွေ ပျက်စီးမှုမှာ ဒုတိယနေရာမှာရှိနေပါတယ်။

 

ပင်လယ်ပြင်နဲ့ မြစ်အတွင်းကနေ မျောပါလာတဲ့ ပလပ်စတစ်တွေကြောင့် မြို့အတွင်း ရေမြောင်းတွေ ပိတ်ဆို့ခြင်း၊ ရေကြီးမှုအန္တရာယ် မြင့်မားလာခြင်း၊ ပလပ်စတစ်အမှိုက်များနှင့် ပိတ်မိနေသဖြင့် ရေသတ္တဝါများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ စတဲ့ ပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်။ ပလပ်စတစ် အမှိုက်တွေကြောင့် ငါးတွေကိုလည်း ထိခိုက်စေပြီး အဆိုပါငါးတွေကို စားမိတဲ့ လူတွေအတွက်လည်း ကင်ဆာရောဂါအပါအဝင် အခြားကျန်းမာရေး ပြဿနာများကိုလည်း ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

 

ဘာလီကျွန်းက အမှိုက်ပြဿနာဟာ မုတ်သုံရာသီမှာ အဆိုးဆုံး ဖြစ်စေပြီး ကမ်းရိုးတမ်းတစ်လျှောက်မှာ တိုက်ခတ်တဲ့ လေပြင်းတွေကြောင့် ကမ်းပေါ်ကို အမှိုက်များတွန်းပို့သလို ဖြစ်စေပါတယ်။

 

မိုးရွာသွန်းမှုကြောင့် ပြည်မက အမှိုက်သရိုက်တွေဟာ ပင်လယ်ထဲ မျောပါပြီး ကမ်းခြေမှာ ပြန်လည် ရောက်ရှိလာတာဟာလည်း များပြားတဲ့ အမှိုက်သရိုက်တွေ စုပုံမှုဖြစ်ပေါ်စေပါတယ်။

 

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် သန့်ရှင်းရေး လှုပ်ရှားမှု (ဂျကာတာ) ဟာ ၂၀၂၅ ခုနှစ်မှာ ပင်လယ်ပြင်ရှိ ပလပ်စတစ်အမှိုက် ၇၀ ရာခိုင်နှုန်းအထိ လျော့ကျလာအောင် ဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ အင်ဒိုနီးရှားရဲ့ လူဦးရေးတိုးပွားလာမှုနဲ့ အခြေခံအဆောက်အဦတွေက စွန့်ပစ်ပစ္စည်း စွန့်ထုတ်မှုစနစ် အားနည်းချက်များကြောင့် ပင်လယ်ပြင် အမှိုက်ပြဿနာဟာ ကြီးထွားနေဆဲဖြစ်ပါတယ်။

 

ဘာသာပြန် - စိုးမိုးဇော် (MDN) 

ကိုးကား- အေအက်ဖ်ပီ