ဘာမဆိုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်ကို မိမိတို့ လုပ်ပြနိုင်ခဲ့ဟု အင်္ဂလန်က ကမ္ဘာ့အဆင့်(၁) ဘယ်လ်ဂျီယံအသင်းကို အနိုင်ယူပြီးနောက် နည်းပြဆောက်ဂိတ် ဝံ့ကြွား

၁၂  အောက်တိုဘာ

အင်္ဂလန်က ဘယ်လ်ဂျီယံအသင်းကို အနိုင်ကစားနိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က မိမိတို့အသင်းအနေနဲ့ ဘာမဆိုဖြစ်နိုင်သည်ဆိုသည်ကို  သက်သေပြနိုင်ခဲ့ခြင်း ဖြစ်တယ်လို့  ဝံ့ကြွားသွားပါတယ်။ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် မနေ့က ညပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ  လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အင်္ဂလန်က လက်ရှိ ကမ္ဘာ့အဆင့် (၁)နေရာမှာ ရပ်တည်နေတဲ့ ဘယ်လ်ဂျီယံအသင်းကို  ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို နောက်ကလိုက်သွင်းပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 

အင်္ဂလန်အနေနဲ့ ဘယ်လ်ဂျီယံအသင်းကို ခြေစွမ်းပိုင်း သိသိသာသာ အသာရခဲ့တာမရှိပေမယ့်  ဝေါ်ကာခြေစွမ်းပြမှုနဲ့အတူ  တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မေဆန်မောင့်တို့ကလည်း ဂိုးသွင်းသေသပ်ခဲ့ကြလို့   အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ်က  “ကမ္ဘာ့ထိပ်တန်းအသင်းကို ရင်ဆိုင်ရတဲ့  ဒီလိုအခြေအနေမှာ  အခွင့်အရေးတွေ အများကြီး မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက ဘောလုံးကို ကောင်းကောင်း ထိန်းပြီးကစားနိုင်သလို အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။

 

အင်္ဂလန်အသင်းအနေနဲ့ ယခုပွဲမှာ ဘယ်လ်ဂျီယံကို  အနိုင်ရခဲ့တာကြောင့် ၂၀၁၁ခုနှစ် စပိန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် လက်ရှိကမ္ဘာ့အဆင့် (၁)နေရာမှာ ရပ်တည်နေတဲ့ အသင်းကို ပထမဆုံအကြိမ် ပြန်လည် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

မေလဲ့သင်း