ဘောလီးဝုဒ်စတား ဆယ်လ်မန်ခန် ဒရယ်တွေကိုသတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရ

နယူးဒေလီ ၅ ဧပြီ

 

ဘောလီးဝုဒ်စူပါစတား ဆယ်လ်မန်ခန်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုနီးပါးက တောရိုင်းတိရစ္ဆာန်တွေအပေါ် အန္တရာယ်သက်ရောက်စေခဲ့မှုအတွက် အိန္ဒိယတရားရုံးကနေ ဧပြီ ၅ ရက် ကြာသပတေးနေ့က ထောင်ဒဏ်ငါးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

 

အိန္ဒိယရုပ်ရှင်တွေမှာ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ နာမည်ကြီးသူ ခန်ကို တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီးတဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ခန်ကတော့ ၁၉၉၈ ခုနှစ်က ဒရယ်တွေကို ဥပဒေမဲ့ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုထားပြီး ရာဇဝတ်ပြစ်မှုအတွက် အယူခံလျှောက်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

 

တရားရုံးက ဆယ်လ်မန်ခန်ကို ထောင်ဒဏ်ငါးနှစ် နဲ့ ငွေကြေး ရူပီး တစ်သောင်း ဒဏ်ရိုက်ခဲ့ကြောင်း ရာဂျစသန်မြို့တရားရုံးအပြင်ဘက်မှာ ရှေ့နေဖြစ်သူ မဟီပါလ် ဗစ်ရှနိုးက သတင်းထောက်တွေကို ပြောပါတယ်။

 

နာမည်ကျော် သရုပ်ဆောင်မင်းသားရဲ့ ပရိသတ်တွေကိုဖယ်ရှားရှင်းလင်းပေးဖို့အတွက်လည်း တရားရုံး ခန်းမရှေ့မှာ ရဲတပ်ဖွဲ့တွေအများအပြားရောက်ရှိနေပါတယ်။ အနက်ရောင်နေကာမျက်မှန်၊ အနက်ရောင် ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်တစ်ဦးဖြစ်သူ ခန်ဟာ သွက်လက်စွာပဲ အဖြူရောင် SUV ကားထဲကနေထွက်ပြီး လုံခြုံရေးအပြည့်နဲ့ တရားရုံးကို ရောက်ရှိလာတာကို တွေ့ရပါတယ်။

 

အခြား ဘောလီးဝုဒ်စတားတွေဖြစ်တဲ့ ဆာအစ်ဖ် အလီခန်၊ ဆိုနာလီ ဘန်ဒရီ၊ တဘူးနဲ့ နီလမ် ကိုသာရီတို့လည်း အမဲလိုက်ခရီးစဉ်မှာပါဝင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပေမယ့် သက်သေအထောက်အထားမခိုင်လုံတဲ့အတွက် အမှုကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

 

 

ထူးခြားတဲ့ ဆံပင်စတိုင်နဲ့ ဖက်ရှင်ကျမှုတို့ကြောင့် ပရိသတ်အခိုင်အမာရှိထားတဲ့ ခန်ကို ရာဂျစသန် သစ်တော ဌာနကနေ ဒရယ်ပစ်ခတ်တဲ့ကိစ္စအတွက် အမှုစွဲဆိုထားတာပဲဖြစ်ပါတယ်။

 

ခန်ရဲ့ ရှေ့နေကတော့ ဒရယ်တွေ ကိုသေစေရန် ပစ်ခတ်တဲ့နေရာမှာ သက်သေအထောက်အထား မရှိတဲ့အကြောင်းနဲ့  အစားလွန်ခြင်းစတဲ့ သဘာဝအကြောင်းရင်းတွေကြောင့် ဒရယ် တွေသေဆုံးခဲ့ရတာ ဖြစ်ကြောင်း အကြံပြုပြောကြား ထားတယ်လို့ သိရပါတယ်။

 

ခန်ဟာ ၁၉၉၈ ခုနှစ်ကလည်း ဒရယ်တွေကိုအမဲလိုက်တဲ့နေရာမှာ လိုင်စင်မဲ့လက်နက်ကိုင်ဆောင်မှုနဲ့ ပထမဆုံးအကြိမ် တရားစွဲဆိုခံရပြီး ထောင်အတွင်းတစ်ပတ်တာကျခံခဲ့ရဖူးကြောင်း သိရပါတယ်။

 

၂၀ဝ၆ ခုနစ်ကလည်း ဒရယ်တွေကို အမဲလိုက်ရင်း သတ်တဲ့အမှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရပေမယ့် အယူခံ နိုင်တဲ့အတွက်  ရက်အနည်းငယ် ထောင်ဒဏ်ကျခံခဲ့ရဖူးကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။

 

(MDN)

 

ကိုးကား-AFP