ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အမေရိကန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေး

၁၂ သြဂုတ်


အမေရိကန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကားလို့စ်ကော်ဒိုင်ယို၏ ဖိတ်ကြားချက်အရ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနို၊  အာရှဘောလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်တို့သည် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ 


ယင်းသို့ တွေ့ဆုံရာတွင် အမေရိကန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသည်  ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင် အဖြစ်ကျင်းပမည့် ကိစ္စရပ်များနဲ့ အမျိုးသမီး ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်နှင့် ပတ်သက်၍ အဓိကဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း မြန်မာအမျိုးသမီးဘောလုံးလောက တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလိုသည့် ကိစ္စရပ်များ၊ အမျိုးသမီးလက်ရွေးစင်အသင်းအပါအဝင် သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းများ ခြေစမ်းပွဲကစားရန်နှင့် နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်း၍ ဘောလုံးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်ရန် အကျယ်တဝင့် ပြန်လည်ဆွေးနွေးခဲ့သည်။ ယင်းနောက် အမေရိကန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကားလို့စ်ကော်ဒိုင်ယိုသည်  အာရှဘောလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်ကို မေဂျာလိဂ်ကလပ်အသင်းဖြစ်သည့် Los Angeles FC အသင်း၏ အိမ်ကွင်းပွဲစဉ်ကို လိုက်လံပြသခဲ့ပြီး Los Angeles FC အသင်းတာဝန်ရှိသူများကလည်း ကွင်းတည်ဆောက်ထားမှုနှင့် အသင်း လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


သတင်း-ဖိုးသော်ဇင်


ဓာတ်ပုံ-MFF