ဘေးအန္တရာယ်အမျိုးအစားများ

နေပြည်တော် ၁ မေ

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိပြီး လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များလည်း ဖြစ်ပွားလေ့ရှိပါသည်။ ဘေးအန္တရာယ်များလည်း ဖြစ်ပွားရှိပါသည်။ ဘေးအန္တရာယ်များအား အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။

(က) မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ

ဆိုင်ကလုန်းမုန်တိုင်း

မိုသည်းထန်ခြင်းကြောင့် လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်း

မြစ်ရေကြီးခြင်းနှင့် မြို့ပြရေလွှမ်းမိုးခြင်း

မိုးသီးကြွေခြင်း

မိုးကြိုးပစ်ခြင်း

လေပြင်းတိုက်ခတ်ခြင်း

လေဆင်နှာမောင်းတိုက်ခတ်ခြင်း

အပူလှိုင်း၊ အအေးလှိုင်းဖြတ်ခြင်း

မိုးခေါင်ရေရှားခြင်း

(ခ) မြေမျက်နှာပြင်ဆိုင်ရာ ဘေးအန္တရာယ်များ

ငလျင်လှုပ်ခြင်း

မြေပြိုခြင်း

တောမီးလောင်ခြင်း

မီးတောင်လောင်ခြင်း

မီးတောင်ပေါက်ကွဲခြင်း

မြေနိမ့်ဒေသများရေလွှမ်းမိုးခြင်း

ကမ်းရိုးတန်းဒေသပင်လယ်ဒီရေလွှမ်းမိုးခြင်း

ဆူနာမီရေလှိုင်းနှင့် ရေလွှမ်းမိုးခြင်း

(ဂ) ဇီဝဗေဒဆိုင်ရာ ဘေးအန္တရာယ်များ

ကူးစက်ရောဂါကပ်အသွင်ဖြစ်ပွားခြင်း

အင်းဆက်ရောဂါပိုးမွှားကျရောက်ခြင်း

ဇီဝလက်နက်များ

(ဃ) မတော်တဆမှုများနှင့် စက်မှုနည်းပညာဆိုင်ရာဘေးအန္တရာယ်များ

မီးလောင်ခြင်း

သယ်ယူပို့ဆောင်ရေးဆိုင်ရာ ယာဉ်မတော်တဆမှုများ (ဥပမာ - ခရီးသည်တင်ယာဉ် တိမ်မှောက်ခြင်း၊ ရေယာဉ်နစ်မြုပ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း)

မိုင်းတွင်းနှင့် အဆောက်အဦးပြိုကျခြင်း

ဓာတုစက်ရုံများနှင့် နျူကလီးယားဓါတ်အားပေးစက်ရုံများပေါက်ကွဲခြင်း

ဓာတုလက်နက်နှင့် နျူကလီးယားလက်နက်များ

(င) လူမှုရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ

စစ်ပွဲများ

အကြမ်းဖက်မှုများ

လူမှုအဓိကရုဏ်းများ

ဘေးအန္တရာယ်များနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

ဘေးအန္တရာယ်များတွင် ကြိုတင်ခန့်မှန်းနိုင်သော ဘေးအန္တရာယ်များရှိသကဲ့သို့ ကြိုတင်ခန့်မှန်းရခက်ခဲသော ဘေးအန္တရာယ်များ ရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့သော အချို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်းရန်ခက်ခဲပါသည်။

ကြိုတင်ခန့်မှန်း၍ ရနိုင်သောဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်များအတွက် မိုးလေဝသသတင်းများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါ မိုးလေဝသသတင်းများကို အမြဲမပြတ် နားထောင်ပြီး ဘေးအန္တရာယ် သတိပေးချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထို့ပြင် မိမိဒေသအတွင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသော ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာနနှင့် အခြားဌာန ဆိုင်ရာ/အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရပါမည်။

၁။ မိုးလေဝသသတင်းများနှင့် ဘေးအန္တရာယ် သတိပေးချက်များကို သတိပြုပါ။

၂။ ကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးသတိပေးနှိုးဆော်ချက်များကို ဂရုပြုလိုက်နာ ဆောင်ရွက်ပါ။

၃။ ဘေးအန္တရာယ် မကျရောက်မီကတည်းက အရေးပေါ် ဆေးသတ္တာ၊ အစားအစာ၊ သောက်သုံးရေနှင့် အခြားလိုအပ်သည်များ ကြိုတင်စုဆောင်း ပြင်ဆင်ထားရှိပါ။

၄။ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအစာများကိုသာ စားသုံးပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။

၅။ ဘေးအန္တရာယ် ကျရောက်ဒေသများ၌ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းကူညီပါ။

ဘေးအန္တရာယ်များနှင့် ကျန်းမာရေးပြဿနာများ

လူအများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းမှာ ဘေးအန္တရာယ်များကြောင့် တိုက်ရိုက်ခံစားရနိုင်သော ကျန်းမာရေးပြဿနာများဖြစ်ပါသည်။

ထို့ပြင် ကျန်းမာရေးအဆောက်အဦးများ ပျက်စီးသွားခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင်ဘေးအန္တရာယ်ဒဏ် ခံစားရနိုင်ခြင်း စသည်တို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းသွားနိုင်ပါသည်။

ထို့ပြင် ကာလကြာရှည်သော ဘေးအန္တရာယ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် ခက်ခဲသော အခြေအနေများနှင့် ယာယီကယ်ဆယ်ရေးစခန်း၌ လူအများ ခိုလှုံနေရသော အခြေအနေများ၌ အောက်ဖော်ပြပါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။

သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ အစရှိသည့် နာတာရှည်ရောဂါ ခံစားနေရသူများ ဆေးပြတ်လပ်ခြင်း၊ ဆေးကုသမှု မရရှိနိုင်ခြင်းတို့ကြောင့် ရောဂါများ ပိုမိုဆိုးရွာလာခြင်း

ကူးစက်ရောဂါများ (ဥပမာ - ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ တီဗီရောဂါ၊ အသက်ရှုလမ်းကြောင်းကူးစက်ရောဂါများ၊ ဝက်သက်ရောဂါ၊ အရေပြားယားနာရောဂါများ၊ ခြင်မှတဆင့် ကူးစက်တတ်သည့် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါစသည်များ) ပိုမိုကူးစက်ဖြစ်ပွားနိုင်ခြင်းနှင့် ကပ်အသွင်ဖြစ်ပွားနိုင်ခြင်း

စိတ်ကျရောဂါကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြင်း

ပုံမှန် သုံးစွဲနေကျ ပဋိသန္ဓေတားဆေး ထိုးနှံ/သောက်သုံးခြင်းများ ပြတ်လပ်သွား၍ မလိုလားဘဲ ကိုယ်ဝန်ရရှိနိုင်ခြင်း၊ လုံခြုံမှု မရှိ၍ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများနှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားနိုင်ခြင်း

ဘေးအန္တရာယ်အခြေအနေများ၌ ပြည်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်မှာ အရေးကြီးသကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ ဘေးကင်းလုံခြုံရေးမှာလည်း ပိုမိုအရေးကြီးသဖြင့် ဘေးကင်းလုံခြုံရေး ဂရုပြုရမည်ဖြစ်ပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN