ဘေးအန္တရာယ်ကင်းဝေးရေး အလေးထားရှေ့ရှု

၃၁  ဇူလိုင်

 

ယနေ့ကာလ ရေကြီးရေလျှံမှုဖြစ်ပွားနေချိန်တွင် သက်ဆိုင်ရာဒေသမှ တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးရေးကို အလေးထားဂရုစိုက် ဆောင်ရွက်ပေးရမည်ဖြစ်သလို ရေလွှမ်းမိုးရာ ဒေသများသို့ ရောက်ရှိနေသော ခရီးသွားများနှင့် ဒေသခံပြည်သူများ အနေဖြင့်လည်း မိမိတို့ဘေးအန္တရာယ်ကင်းဝေးရေးကိုလည်း သတိ တရားလက်ကိုင်ထားဖို့ လိုအပ်ပါသည်။

 

ခရီးသွားပြည်သူများ ရေကြီးမှုကြားတွင် ရောက်ရှိနေသည်ဖြစ်စေ၊ လမ်းခုလတ်တွင် ပိတ်မိနေသည်ဖြစ်စေ မိမိတို့၏ ခရီးဆက်လိုသော စိတ်ဆန္ဒဇောဖြင့် အလျင်စလို မထွက်ခွာမိရန် လိုအပ်သည်။ မိမိတို့ သဘောဆန္ဒဖြင့် မစူးစမ်းမဆင်ခြင် ထွက်ခွာမိပါက အန္တရာယ်ကျရောက်နိုင်သည်ကို သတိမူရမည်ဖြစ်သည်။ ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသမှ တာဝန်ရှိသူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရေနှင့်ဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ် သတိပေး ထုတ်ပြန်ချက်နှင့်အညီ မိုးရေ၊ ကန်ရေ၊ မြစ်ရေ၊ ချောင်းရေ၊ တောင်ကျရေတို့ကို ရေကင်းများချ၍ နေရာမလပ် စောင့်ကြပ်ကြည့်ရှုပြီး ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်သည်။

 

ဒေသခံပြည်သူများ ရေဘေးဒုက္ခရောက်နေချိန်တွင် လူမှုကွန်ရက်စာမျက်နှာများနှင့် အခြားသတင်းကွန်ရက်များမှ မမှန်သတင်းများ၊ ပကတိအခြေအနေထက် ပိုမိုလွန်ကဲစွာပြောဆိုမှုများ၊ ပြည်သူများ စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်အောင် ပြောဆိုမှုများအား သတိထားရမည်ဖြစ်သည်။ အထူးသဖြင့် သူတစ်ပါး အတိဒုက္ခ ရောက်နေချိန်တွင် အထင်အမြင် လွဲမှားစေမည့် လှုံ့ဆော်မှုများကိုလည်း သတိမူမိရန်လိုအပ်သည်။ ဘေးဒုက္ခကျရောက်နေချိန်တွင် အဖျက်အမှောင့် လုပ်ရပ်များ၊ အချောင်သမားများလည်း ရှိတတ်ပေသည်။ သို့သော် မြန်မာလူမျိုးများ၏ မေတ္တာ၊ စေတနာ၊ မုဒိတာ၊ ကရုဏာစိတ်ထားဖြင့် ဝိုင်းဝန်းကူညီပေးတတ်သည့် ပရဟိတစိတ်ထားများကြောင့် ကြုံတွေ့ရသည့် ဒုက္ခအခက်အခဲများမှ လျော့ပါးသက်သာလေ့ရှိသည်။

 

လက်ရှိတွင် ရေဘေးသင့်ပြည်သူများအား နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းများက နိုးနိုးကြားကြားဖြင့် စေတနာထားကာ ကူညီစောင့်ရှောက် ပေးနေသည်ကို မြင်တွေ့နိုင်သည်။ တစ်ချိန်တည်းတွင် အဖွဲ့အစည်းများနှင့် စေတနာရှင်များ၊ အလှူရှင်များက စားနပ်ရိက္ခာများ၊ အလှူငွေများအား အားတက်သရော ကူညီထောက်ပံ့ပေးနေသည်ကို မြင်တွေ့ရသဖြင့် မုဒိတာပွား ဝမ်းမြောက်ကြရမည်ဖြစ်သည်။ ဘေးဒုက္ခမကျရောက်သော ပြည်သူများအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ တတ်နိုင်သလောက် ပါဝင်ကူညီသင့်ကြသည်။

 

မကူညီချင်နေပါ မနှောင့်ယှက်ပါနှင့်ဟု ဆိုသည့်အတိုင်း အခက်အခဲများ ကြုံတွေ့နေချိန်တွင် ကိုယ်ကျိုးစီးပွား ရှာဖွေလိုမှု၊ အမြတ်ထုတ်လိုမှု၊ နှောင့်ယှက်လိုမှုများကိုလည်း သတိပြုရမည်ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်များမှာ မြန်မာ တစ်နိုင်ငံတည်းသာ ကြုံတွေ့ရသည်မဟုတ်၊ နိုင်ငံအများလည်း ကြုံတွေ့နေရပြီး ဓနအင်အားနည်းပါးသည့် မြန်မာနိုင်ငံအဖို့ ကိုယ့်ခွန်ကိုယ့်အားဖြင့် စေတနာထား ကြိုးပမ်းဆောင်ရွက်ပေးနေသည်ကို နားလည်ပေးရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်း၊ နိုင်ငံတစ်ဝန်း ရေဘေးအန္တရာယ်များအားပြည်သူများ ကြုံတွေ့နေရချိန်တွင် နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ၊ အလှူရှင်များ၊ ရိုင်းပင်းကူညီကြသည့် ပြည်သူ ပြည်သားများက မေတ္တာတရားဖြင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲကူညီဆောင်ရွက် နေကြသည်ဖြစ်ရာ သဘာဝဘေးလျော့ပါးသက်သာရေး၊ လွတ်ကင်းစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်း အပ်ပါသည်။ ။

 

ကြေးမုံ