ဘေးအန္တရာယ်ကျရောက်မှုနှင့် အရေးပေါ်အခြေအနေများအတွက် ပြည်သူ့ကျန်းမာရေး

တက္ကသိုလ်ဇော်ထူးဦး

အရေးပေါ်အခြေအနေများနှင့် ကြီးမားကျယ်ပြန့်သော သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာရ၏။ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ ထိခိုက်ပျက်စီးကြရ၏။ မှတ်တမ်းများအရ လွန်ခဲ့သည့်ဆယ်စုနှစ်က ကြီးမားသော သဘာဝဘေးကျရောက်မှု ၄၀၀၀ ကျော်ဖြစ်ပွားခဲ့ရာ လူဦးရေ ၁ ဒသမ ၁ သန်းကျော် အသက်ဆုံးရှုံးခဲ့ရ၏။ လူဦးရေသန်းပေါင်း ၂၂၀ ကျော်မှာလည်း နှစ်စဉ် ဘေးဒုက္ခနှင့် ကြုံတွေ့နေရ၏။ လူဦးရေ ၁ ဒသမ ၅ ဘီလီယံတို့သည် စစ်မက်ဖြစ်ပွားမှုများ၊ ကြီးမားကျယ်ပြန့်သော အကြမ်းဖက်မှုများကြောင့် ထိလွယ် ရှလွယ်သည့် နိုင်ငံများအတွင်း နေထိုင်လျက်ရှိကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်စာရင်းများအရ ခန့်မှန်းခြေ လူဦးရေ ၅၁ သန်းကျော်မှာ ပုံစံအမျိုးမျိုးသော လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်ခဲ့၏။ ယင်းသည် ဘေးဒုက္ခအလုံးစုံ မဟုတ်ဘဲ အခြားအရေးပေါ်အခြေအနေများဖြစ်သည့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာပြဿနာများဖြစ်သော ရောဂါကူးစက် မှု၊ ဓာတုနှင့် ရေဒီယိုသတ္တိကြွမှုဆိုင်ရာနှင့် သယ်ယူပို့ဆောင် ရေးဆိုင်ရာ ထိခိုက်မှုများကြောင့် ဖြစ်ခဲ့၏။ အဆိုပါ အခြေအနေများသည် နိုင်ငံတော်အဆင့်သာမက နိုင်ငံတကာဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများ အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ နစ်နာခဲ့ရပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးအမြတ်များကိုလည်း လျော့ကျစေခဲ့သည်။


အရေးပေါ် ဘေးဒုက္ခကျရောက်မှုများတွင် ဘေးအန္တရာယ်ကျရောက်နိုင်ဆုံးနှင့် ဘေးအန္တရာယ်ကျရောက် လွယ်ဆုံးသောအုပ်စုတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်နေ၏။ လက်ရှိစစ်မက်ဆိုင်ရာ ပဋိပက္ခဖြစ်ပွားနေ သော နိုင်ငံ ၁၀ ခုအနက် ရှစ်နိုင်ငံတွင် မွေးဖွားမှုကြောင့် မိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှုနှုန်းမှာ မြင့်မားလျက်ရှိနေ၏။ ထို့အပြင် အဆိုပါအခြေအနေများ တွင် အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါကူးစက်မှု များကိုလည်း တွေ့ရ၏။ လူများရွှေ့ပြောင်းသွားလာနေမှု၊ အစားအစာမလုံလောက်မှု၊ ကယ်ဆယ်ရေးစခန်းများ နေရာချထားမှု၊ ဆင်းရဲမွဲတေမှုအခြေအနေတို့သည်လည်း ရောဂါကူးစက်မှုအတွက် အန္တရာယ်များပင် ဖြစ်နေ သည်။
လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးသည် လူထုအားလုံးအတွက် လိုအပ်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဖြစ်ပြီး အရေးပေါ်ဘေးဒုက္ခကျရောက်မှုများ တွင်လည်း လိုအပ်၏။ အရေးပေါ်အခြေအနေတစ်ခုတွင် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက် မှုမရနိုင်ဘဲရှိနိုင်၏။ သို့အတွက် အရေးပေါ်အခြေအနေ များတွင် နာမကျန်းဖြစ်မှု၊ သေဆုံးမှုလျော့ကျစေရန် လိင်မှု ဆိုင်ရာနှင့် မျိုးဆက်ပွားမှု ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်သည်။


မျိုးဆက်ပွား ကျန်းမာရေး

မျိုးဆက်ပွားကျန်းမာရေးဆိုသည်မှာ ရောဂါဘယဖြစ် ခြင်းနှင့် မသန်စွမ်းဖြစ်ခြင်းတို့မှ ကင်းရှင်းရုံမျှဖြင့် ကျန်းမာသည်ဟုမဆိုနိုင်ဘဲ ကိုယ်ခန္ဓာ၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်းနှင့် လူမှုဆက်ဆံရေး ပြေပြစ်ခြင်းရှိ သည့်အပြင် မျိုးပွားမှုဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများ လည်း ဖွံ့ဖြိုးစွမ်းဆောင်နိုင်ခြင်းကိုဆိုလို၏။ ထို့အပြင် မျိုးပွားကျန်းမာရေးနှင့်ဆိုင်သော ရောဂါများ၊ အခြား ရောဂါများနှင့် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ လူမှုရေးကိစ္စများ အလုံးစုံ အဆင်ပြေပြည့်စုံသည့် အခြေအနေကို ဆိုလိုသည်။
အရွယ်ရောက်သူတိုင်းသည် အန္တရာယ်ကင်း၍ ကျေနပ်ဖွယ်ရှိသော အိမ်ထောင်သုခရရှိပြီး အန္တရာယ် ကင်း၊ ထိရောက်မှုရှိသော၊ မိမိတို့တတ်နိုင်၍ လက်ခံနိုင် သော၊ ဥပဒေနှင့်လည်းညီသော သားဆက်ခြားနည်းလမ်း များကို မိမိတို့ကိုယ်တိုင် ရွေးချယ်နိုင်သောအခွင့်အရေး ရှိခြင်း၊ သင့်လျော်သည့်ကျန်းမာရေးစောင့်ရှောက်မှု ရရှိ ရန် အခွင့်အရေးရှိခြင်းအားဖြင့် အမျိုးသမီးတစ်ဦးသည် လုံခြုံ၍ စိတ်ချရသော ကိုယ်ဝန်ဆောင်မိခင်ဘဝရရှိခြင်း၊ မီးဖွားနိုင်ခြင်း၊ ကျန်းမာသန်စွမ်းသော ရင်သွေးငယ် မွေးဖွားနိုင်သည့် အခွင့်အရေးရှိခြင်းပင်ဖြစ်သည်။

အရေးပေါ်အခြေအနေ
အရေးပေါ်အခြေအနေတွင် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် လိုအပ်၏။ အဘယ် ကြောင့်ဆိုသော် ထိုအခြေအနေများတွင် ကိုယ်ဝန်ဆောင်မှု၊ ကလေးမွေးဖွားမှုများမှာ ဆက်လက်ဖြစ်ပွားနေ၏။ လူများ ရွှေ့ပြောင်းနေစဉ် ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင် သည့် အခြေအနေ၌ ကလေးမီးဖွားမှုများ ရှိနေကြ၏။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ၁၅ ရာခိုင်နှုန်းခန့်သည် အရေးပေါ်အခြေအနေများတွင် အရေးပေါ်သားဖွား စောင့်ရှောက်မှုပေးရန် လိုအပ်လာနိုင်၏။ ပြည့်စုံသော အရေးပေါ်သားဖွားစောင့်ရှောက်မှုပေးနိုင်သည့် ဆေးရုံသို့ အချိန်မီလွှဲပို့နိုင်ခြင်းမရှိသဖြင့် မိခင်များ သေဆုံးမှုနှုန်း တိုးပွားလာနိုင်သည်။


အာဟာရချို့တဲ့မှုနှင့် ရောဂါဘယထူပြောမှုကြောင့် ကိုယ်ဝန်၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်မှုတိုးပွားလာနိုင်၏။ သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှုမရှိ၍ မလိုချင်ဘဲ ကိုယ်ဝန်ရရှိမှု များပြား လာနိုင်၏။ သားဆက်ခြားဆေးဝါးနှင့် ပစ္စည်းများလိုအပ် နိုင်၏။ လူနေထူထပ်ကျပ်ညပ်သော နေရာဒေသများတွင် အိတ်ခ်ျအိုင်ဗွီအပါအဝင် လိင်မှတစ်ဆင့်ကူးစက်ရောဂါများ ပျံ့နှံ့မှုတိုးတက်လာနိုင်၏။ လူမှုအဖွဲ့အစည်း မတည်ငြိမ်မှု၊ ပျက်ယွင်းမှုများကြောင့် လိင်မှုဆိုင်ရာအကြမ်းဖက်မှုများ တိုးပွားဖြစ်ပေါ်လာနိုင်သည်။


စောင့်ရှောက်ပေးရမည့်သူများ
အရေးပေါ်အခြေအနေတွင် စောင့်ရှောက်ပေးရမည့် သူများမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သားသည် မိခင်၊ ဆယ်ကျော်သက်မိန်းကလေး၊ ဆယ်ကျော်သက် ယောကျ်ားလေး၊ အရွယ်ရောက်ပြီး အမျိုးသားများဖြစ်၏။ ထိုသူတို့အတွက် မိခင်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ကိုယ်ဝန်တားဆီးရေးလုပ်ငန်းများ၊ လိင်မှု ဆိုင်ရာ အကြမ်းဖက်မှုများ၊ လိင်မှုဆိုင်ရာကူးစက်ရောဂါများ အတွက် ကာကွယ်မှုများကို ဆောင်ရွက်ပေးရန် လိုအပ် သည်။
အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ပေးရမည့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၏ ရည်ရွယ်ချက်မှာ အရေးပေါ် အခြေအနေကြောင့် ထိခိုက်မှု ရှိနိုင်သူများ (အထူးသဖြင့် အမျိုးသမီးများ)နှင့် မိန်းကလေး ငယ်များ၏ သေဆုံးမှုနှုန်း၊ ရောဂါဖြစ်ပွားမှု နှုန်းနှင့် မသန်စွမ်းဖြစ်ခြင်းများကို လျှော့ချရန်ဖြစ်၏။ ထိုသူများမှာ ဘေးဒုက္ခ ကျရောက်နေသူများ၊ ဒေသတွင်း ပြောင်းရွှေ့နေရာ ချထားခြင်းခံရသူများနှင့် ၎င်းတို့ကို လက်ခံထားသူ ဒေသခံများလည်း ပါဝင်သည်။


ထိုသူတို့ကို ဝန်ဆောင်မှုပေးရာတွင် အရည်အသွေးမီ ဝန်ဆောင်မှုဖြစ်ရန်၊ ကျား/မ ခွဲခြားဆက်ဆံမှု မရှိရန်၊ ပူးပေါင်းဆောင်ရွက်မှုရှိရန်၊ ဆက်သွယ်ရေးကွန်ရက်ရှိ ရန်နှင့် အစိုးရမူဝါဒများနှင့် ကိုက်ညီရမည်ဖြစ်၏။ မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများကို လျစ်လျူရှုထား ခဲ့ပါလျှင် ပြောင်းရွှေ့နေရာချထားခံရသူများ (အမျိုးသမီး များနှင့် မိန်းမငယ်များ)၏ အသက်အန္တရာယ်ထိခိုက်ခံရနိုင်ခြင်း၊ မိခင်များ မလိုအပ်ဘဲ သေဆုံးခြင်း၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကူးစက်ပြန့်ပွားခြင်း၊ အမျိုးသမီးများ၊ မိန်းမငယ်များ ခေါင်းပုံဖြတ်အနိုင်အထက်ပြုခံခြင်းကို ကြုံတွေ့ရမည်ဖြစ်သည်။


အရေးပေါ် မျိုးဆက်ပွားကျန်းမာရေး

အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ပေးရမည့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ အရေးပေါ်အခြေအနေတစ်ခု၏ အစောပိုင်းရက်များနှင့် ရက်သတ္တပတ်များတွင် လိင်မှုဆိုင်ရာ အကြမ်းဖက်မှု၏ အကျိုးဆက်များကို ကာကွယ်ရန်နှင့် စောင့်ရှောက်ရန်၊ မွေးကင်းစကလေးနှင့် မိခင်နာမကျန်းမှုနှင့် သေဆုံးမှု မြင့်မားခြင်းကို ကာကွယ်ရန်၊ အိတ်ခ်ျအိုင်ဗွီကူးစက်မှုကို လျှော့ချရန်နှင့် ပြည့်စုံသော မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုအတွက် ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်း စဉ်များဖြစ်သည်။
လိင်မှုဆိုင်ရာအကြမ်းဖက်ခံရမှုများအား ကာကွယ်ရန် နှင့် ကူညီရန်အတွက် စခန်းပုံစံရေးဆွဲခြင်း၊ ဆေးဝါး ကုသမှုပေးခြင်း၊ လူထုအား အသိပေးခြင်း၊ အန္တရာယ်ရှိနိုင်သောအုပ်စုများအား အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ထားရန်လို၏။ အိတ်ခ်ျအိုင်ဗွီနှင့် လိင်မှတစ်ဆင့် ကူးစက်မှု လျှော့ချနိုင်ရန်အတွက် ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာခြင်း၊ အန္တရာယ်ကင်းသော သွေးကိုအသုံးပြုခြင်းတို့ ပါဝင် သည်။
မိခင်နှင့် မွေးကင်းစကလေးသေဆုံးမှုကို ကာကွယ် ပေးရာတွင် သားဖွားခန်းသို့ ညွှန်းပို့စနစ်ရှိခြင်း၊ သန့်ရှင်း ၍ အန္တရာယ်ကင်းသော ပစ္စည်းများကို အသုံးပြုခြင်း၊ အိမ်တွင်းသန့်ရှင်းစွာ မွေးဖွားခြင်းတို့ကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားပေးရမည်။


ဘေးဒုက္ခအန္တရာယ်မှကင်းဝေးပြီးနောက် ပြည့်စုံသောမျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများအတွက် အစီအစဉ်များရေးဆွဲရမည်ဖြစ်၏။ ထိုသို့ရေးဆွဲနိုင်ရန် နောက်ခံသတင်းအချက်အလက်များ စုဆောင်းခြင်း၊ သင့်လျော်သော နေရာသတ်မှတ်ခြင်း၊ ပစ္စည်းများ မှာယူခြင်း၊ ဝန်ထမ်းများအား လေ့ကျင့်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။


အရေးပေါ်အခြေအနေတွင် မဖြစ်မနေဆောင်ရွက် ပေးရမည့် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး သည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိ၏။ သာမန်အခြေ အနေမျိုးမဟုတ်သော အရေးပေါ်အခြေအနေများတွင် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုသည် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပင် ဖြစ်နေပေသည်။