ဘီယာဆိုင်ဝိုင်းချင်းကပ်ထိုင်ရင်း စကားများရာ လူ ၁၀ ဦးမှ အမျိုးသားတစ်ဦးအား အုတ်ခဲဖြင့်ထုသတ်မှု မန္တလေးမြို့တွင် ဖြစ်ပွား

မန္တလေး ၁ သြဂုတ်

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မူ(၁)ရပ်ကွက်၊ (၅၈)လမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ ဘီယာဆိုင်တွင် ဇူလိုင် ၃၁ ရက် ညနေပိုင်းက အမျိုးသားတစ်ဦးကို လူ(၁၀)ဦးက အုတ်ခဲဖြင့်ထု၊ ဝိုင်းရိုက်သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျုးလွန်သူများကို ညတွင်းချင်း ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်(၃၁)ရက်၊ ညနေ(၄)နာရီခန့်က (၅၈)လမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ ဘီယာဆိုင်တွင် သေဆုံးသူ အမျိုးသားမှာ အရက်သေစာ သောက်စားနေစဉ် အနောက်ဘက်စားပွဲဝိုင်းရှိ လူသုံးဦးက စကားများနေသဖြင့် သွားရောက်တားဆီးရာမှ စတင်ဖြစ်ပွားခဲ့သည်။

၎င်းတို့သုံးဦးအနက် တစ်ဦးကဆိုင်ပြင်ထွက်သွားပြီ အမည်မသိလူ(၇)ဦးနှင့် ပြန်လည်ရောက်ရှိလာကာ တစ်ဦးတည်းထိုင်နေသည့် အမျိုးသားကို အုတ်ခဲဖြင့်ထုကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။  သေဆုံးသူအမျိုးသားမှာ အုတ်ခဲဖြင့် ထုခံရသဖြင့် မျက်နှာတွင် ဖုရောင်ဒဏ်ရာများရရှိ၍ ဝဲဘက်နားထင်မှ သွေးထွက်ဒဏ်ရာများဖြင့် ဘီယာဆိုင်ရှိ အိမ်သာသွားသည့်လမ်း ချောင်ထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

" ပြဿနာဖြစ်နေတာကို သွားပြီးတားရာကနေဖြစ်ခဲ့တာ။ ကျူးလွန်တဲ့သူတွေက အသက်(၁၇)နှစ်၊ (၁၈)နှစ်နှင့် (၁၉)နှစ်အရွယ်တွေ ဒီလူငယ်ဆယ်ဦးကိုလည်း ရဲတပ်ဖွဲ့က အဲဒီနေ့ ညမှာပဲ ဖမ်းဆီးရမိခဲ့တယ်။"ဟု  ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သေဆုံးသူမှာ ရှပ်ကောင်(ခ)ခင်မောင်ထွန်း အသက်(၂၁)နှစ် လက်သမား၊ လက်ပံရွာ၊ ကျောက်ဆည်မြို့နယ်နေသူဖြစ်သည်။ ဝိုင်းဝန်းရိုက်နှက်ခဲ့သူများမှာ ပြည်ကြီးတံခွန်မြို့နယ်နေသူများဖြစ်သည့် အောင်လင်းဦး(ခ)ဘေကြီး အသက်(၁၇)နှစ်၊ ကြည်လင်း(ခ)ကျော်ဇင်ထွန်း အသက်(၁၈)နှစ်၊ သန်းထွန်းဦး(ခ)ထွန်းကြီး အသက်(၁၉)နှစ်၊ မောင်မောင်ထင်(ခ)ကိုထက် အသက်(၁၅)နှစ်၊ လင်းခန့်နိုင် အသက်(၁၇)နှစ်၊ ရာဇာတိုး(ခ)အောင်မြင့်မြတ် အသက်(၁၉)နှစ်၊ ဖြိုးမောင်(ခ)ရပါကုလား အသက်(၂၂)နှစ်၊ ထက်မောင်(ခ)ထက်ထက်မောင် အသက်(၂၄)နှစ်၊ အောင်ကျော်ထူး(ခ)အငယ်လေး အသက်(၁၇)နှစ်၊ ညီဇော်ထက် အသက်(၁၉)နှစ် (၁၀) ဦးတို့ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ၏ ယောက်ဖတော်စပ်သူမှ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၃၃၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၀၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရိန်လင်း