ဘိုကလေးမြို့နယ် မပွေးတန်းကျေးရွာ၌ လူသတ်မှုဖြစ်ပွား

ဘိုကလေး  ၁၃   ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ မပွေးတန်းကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်၌ မပွေးတန်းကျေးရွာနေ ဦးဝကြီး(ခ)ပြုံးချို (၄၁)နှစ် ကို တစ်ရွာတည်းနေ  အောင်သန်းစိုး(၃၄)နှစ်က ဓားဖြင့်နေအိမ်ပေါ်တက်ခုတ်၍ ထွက်ပြေးသွားကြောင်း ဦးဝကြီး(ခ) ပြုံးချို ၏ ဇနီးဖြစ်သူမှ တရားလိုပြုလုပ်၍ ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းသို့ ယမန်နေ့ညနေ ၅ နာရီ ၄၅ မိနစ် အချိန်တွင် တိုင်ကြားခဲ့ပြီး ဓားဖြင့်ခုတ်ခံရသူ ဝကြီး(ခ)ပြုံးချိုမှာ လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် နေအိမ်ပေါ်တွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ကာ အမှုမှတရားခံ အောင်သန်းစိုးအား ဖမ်းဆီးစစ်ဆေးပြီး မေးမြန်းရာ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် သေဆုံးသူ ဝကြီး(ခ)ပြုံးချို၏ လှေအား ပိုက်ထောင်ရန် တွန်းချပေးနေစဉ် ပြုံးချိုက ၎င်းအား "မင်းအဲ့ဒါကြောင့် ပိုက်တွေလှေတွေမရှိတော့တာ၊ လက်ကြောကိုမတင်းဘူး"ဟု ပြောဆိုသဖြင့် စကားများကြပြီး  ဝကြီး(ခ)ပြုံးချို နေအိမ်သို့သွား၍ ပြုံးချို အိပ်နေစဉ် ဓားဖြင့်ခုတ်ခဲ့ကြောင်း သက်ဆိုင်ရာမှ စစ်ဆေးချက်အရ သိရသည်။

မိုးစက်(ဘိုကလေး)