ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၁၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

 

နေပြည်တော် ဧပြီ ၂၅

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဉီးစွာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေပေါ်၌ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေဘဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အတည်ပြုဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိပြီးသူများအနေဖြင့် ခွင့်ပြုသည့် နေ့ရက်မှ (၆) လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း လုပ်ငန်းပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ ပါ ပြဌာန်းချက်နှင့်အညီ အခြားနည်းဖြင့် အသုံးပြုရန်ခွင့်ပြုမိန့်ကို ပြန်လည်ပယ်ဖျက်နိုင်ရေး ဆောင်ရွက်ခြင်းကိုလည်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။

လယ်ယာမြေကို (၂)နှစ်အထက် လှပ်ထားခြင်းကို စိစစ်တွေ့ရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူပြီး စိုက်ပျိုးလုပ်ကိုင်နိုင်သူများကို စိစစ်၍ ပြန်လည်ခွဲဝေကာ စိုက်ပျိုး လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် လယ်ယာကုန်ထုတ်စွမ်းအား တိုးတက်လာနိုင်မှာ ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်ရဧရိယာအားလုံးကို စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖော်ထုတ်လုပ်ကိုင်ပြီးစီးခြင်း၊ သီးနှံပင်များ စိုက်ပျိုး ဖြစ်ထွန်းမှုရှိပြီး ဆွတ်ခူးနိုင်ရန်အရွယ်ရောက်ရှိနေခြင်း၊ အနာဂတ်တွင် လယ်ယာမြေအဖြစ် ဆက်လက် တည်တံ့သွားရန် အခြေအနေရှိခြင်း၊ လယ်ယာမြေအဖြစ် ဆက်လက် တည်တံ့သွားခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ပိုမိုဖော်ဆောင် ပေးနိုင်ခြင်း စသည့်အနေအထားကို ရောက်ရှိပါက လုပ်ပိုင်ခွင့်ရရှိထားသူအနေဖြင့် လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် ဥပဒေနှင့်အညီ လျှောက်ထားနိုင်ပြီး လယ်ယာမြေ ဥပဒေပါ အခွင့်အရေးများကို ခံစားနိုင်ကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လည်း လယ်ယာမြေများကို ဥပဒေနှင့်အညီ တိုးချဲ့လာနိုင်မည် ဖြစ်ပါကြောင်း။

အချို့သော နေရာဒေသများ၌ လယ်မြေတွင် စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းထက် တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်မည့် ဒေသနှင့်ကိုက်ညီသော ဝင်ငွေရသီးနှံ Cash Crop ကို ပြောင်းလဲစိုက်ပျိုးခွင့် ပြုပေးနိုင်ပါရန် တင်ပြလာမှုများတွေ့ရှိရကြောင်း၊ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ (က)အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီး ဒေသအတွင်း ဆန်စပါးဖူလုံမှုနှင့် ပတ်ဝန်းကျင်လယ်ယာမြေများကို ထိခိုက်နိုင်မှု မရှိပါက ဒေသနှင့်ကိုက်ညီပြီး တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်မည့် ဝင်ငွေရသီးနှံ Cash Crop ပြောင်းလဲစိုက်ပျိုးနိုင်ရေးကို ခွင့်ပြုပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ခွင့်ပြုချက်မရှိပဲ မိမိသဘောအလျောက် သီးနှံပြောင်းလဲစိုက်ပျိုးခွင့်မရှိသည်ကို သိရှိနားလည်ကြစေရန်ကိုလည်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ သီးနှံစိုက်ပျိူးထုတ်လုပ်မှု မြင့်မားလာပြီး ဒေသအတွင်း စီးပွားဖွံ့ဖြိုးမှု တိုးတက်လာမည် ဖြစ်၍ ဆွေးနွေး ဆုံးဖြတ်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးရမည့် လုပ်ငန်းစာတွဲများကိုတင်ပြရာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လုပ်ငန်းကဏ္ဍအလိုက် အကြောင်းအရာတစ်ခုချင်းအပေါ် စိစစ်ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်နယ်၊ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များနှင့်အညီ လျော်ကြေး၊ နစ်နာကြေး တွက်ချက်တင်ပြလာသော လုပ်ငန်းကိစ္စရပ်များ၊ တိုင်းဒေသကြီး ပြည်နယ် (၇) ခု တွင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိပြီး ခွင့်ပြုသည့်နေ့ရက်မှ (၆) လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုသည့် ကိစ္စရပ်များ၊ လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေပေး ဆောင်ရန် အဆိုပြုတင်ပြလာသော လုပ်ငန်း ကိစ္စရပ်များနှင့် သတ်မှတ်ဒဏ်ကြေးပေးဆောင်ပြီးဖြစ်ကြောင်း ဘဏ်ငွေသွင်းချလန် မိတ္တူများနှင့် အတူ ပြန်လည်တင်ပြလာခြင်းအတွက် ခွင့်ပြုမိန့် (ပုံစံ-၁၅) ထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်သည့် Standard Operating Procedure –SOP ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်