ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါဖလား ခုနစ်နှစ်ဆက် ဆွတ်ခူး

mdn

၁၉ မေ

 

ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၃၄) နောက်ဆုံးပွဲစဉ်များကို စနေနေ့ ညပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကာ ချန်ပီယံလမ်းကြောင်းပေါ်မှ ဘိုင်ယန်မြူးနစ်နှင့် ဖရန့်ဖတ်အသင်းတို့ ယှဉ်ပြိုင်ရာတွင် အိမ်ရှင် ဘိုင်ယန်အသင်း ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး ခုနစ်နှစ် ဆက် ချန်ပီယံဖြစ်ခဲ့သည်။

 

ယနေ့ပွဲတွင် အိမ်ရှင် ဘိုင်ယန်အသင်းသည် ပွဲစပြီး ၄ မိနစ်တွင် ကိုးမန်း၏ သွင်းဂိုးဖြင့် ဘိုင်ယန်အသင်း ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း မိနစ် ၅၀ တွင် ဖရန့်ဖတ် အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ဟယ်လာက သွင်းယူပေးခဲ့သည်။ ဘိုင်ယန်အတွက် အနိုင်ဂိုးများကို ပွဲချိန် ၅၃ မိနစ်တွင် အလာဘာ၊ ၅၈ မိနစ်တွင် ရီနာဒိုဆန်ချက်စ်၊ ၇၂ မိနစ်တွင် ရီဘာရီ နှင့် ၇၈မိနစ်တွင် ရော်ဘင်တို့က သွင်းယူခဲ့သည်။ ပွဲစဉ်(၃၄) အပြီးတွင် ဘိုင်ယန်မြူးနစ်အသင်းသည် ရမှတ် ၇၈ မှတ်ဖြင့် ပြိုင်ဘက် ဒေါ့မွန်အသင်းကို နှစ်မှတ်ဖြတ်ကာ ၂၀၁၈-၁၉ ဖလားကို ရရှိခဲ့သည်။

 

ဘိုင်ယန်အသင်းသည် ပြည်တွင်း ဂျာမန်ဘွန်ဒက်စ်လီဂါဖလား ကို (၂၉)ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး ခုနစ်နှစ်ဆက် ချန်ပီယံဖြစ်ခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် ယခင် ဥရောပ ဖလား ယခု ယူအီးအက်ဖ် အေ ချန်ပီယံ လိဂ်ကိုလည်း ငါးကြိမ်ရရှိထားပြီး ယူရိုပါလိဂ် တစ်ကြိမ်နှင့် ပြည်တွင်းဖလား တစ်လုံးဖြစ်သော ဂျာမန်ပိုကယ်ဖလားကို ၁၈ ကြိမ် ရရှိထားသည်။

 

ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲပြီးဆုံး ချိန်တွင် ဘိုင်ယန်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်နှင့် လေဗာကူဆင်တို့သည် ၂၀၁၉-၂၀ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခဲ့ပြီး မိုချန်ဂလာဘတ်နှင့် ဝုဖ်ဘတ်တို့မှာ ယူရို ပါလိဂ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဟန်နိုဗာနှင့် နုရင်ဘတ်တို့မှာ တိုက်ရိုက် တန်းဆင်းခဲ့ရပြီး စတုဂတ် အသင်းသည် တန်းတက်မည့် အသင်းနှင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သီဟ