ဘက်စုံဖွံ့ဖြိုးနေသည့် ကျောင်းတစ်ကျောင်း

မေလလယ်လောက်မှစ၍ မုတ်သုံဝင်တော့မည်ဟု ဆိုသည်။ မေလဆန်းကပင် မိုးသံလေသံကြားနေရ၏။ မကြာသေးမီကပင် မိုးရောလေနှင်၊ လျှပ်စီးတဝင့်ဝင့်နှင့် မိုးရွာချလေပြီ။ အညာဒေသများတွင်ပါ သည်းကြီးမဲကြီးရွာလေတော့၏။ အချို့အရပ်တွင် လေပြင်းများတိုက်၍ အိမ်အများအပြား ပျက်စီးကြလေသည်။ ပူလောင်လွန်းလှသည့်နွေကို ပက်ဖျန်းပေးသည့် မုတ်သုံမိုးကြောင့် အတန်သင့်နေသာထိုင်သာ ရှိစေတော့၏။
 

မကြာမီကာလတွင် အခြေခံပညာကျောင်းများ ဖွင့်ပေတော့မည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စာရင်းဇယားများအရဆိုလျှင် အခြေခံပညာကျောင်းပေါင်း ၄၆၀ဝ၇ ကျောင်းရှိ၍ အခြေခံပညာ ဆရာ၊ ဆရာမပေါင်း ၃၆၆၂၄၄ ဦး ရှိလေသည်။ ယခုနှစ်တွင် တိုးချဲ့ကျောင်းများ၊ ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမဦးရေ ပို၍တိုးတက်လာမည် ဖြစ်သည်။ အဖြူအစိမ်း ကျောင်းဝတ်စုံများဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် လှုပ်ရှားတက်ကြွနေသော ကျောင်းဖွင့်ချိန် မြင်ကွင်းများအဖြစ် မြင်တွေ့ကြရတော့မည်ဖြစ်သည်။
 

ကျောင်းတစ်ကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ဆိုသည်မှာ မည်သူ့အပေါ်တွင် မူတည်နေပါသနည်း။ ဤမေးခွန်းများအတွက် များများစားစား အဖြေမရှိနိုင်ပါ။ အဓိကကျသည့် အဖြေတစ်ခုကို ပြောပါဟုဆိုလျှင် ယင်းကျောင်းကို အုပ်ချုပ်စီမ ံဆောင်ရွက်နေရသည့် ကျောင်းအုပ်ဆရာကြီး (ဝါ) ဆရာမကြီး အပေါ်တွင် အများဆုံးမူတည်နေသည်ဟု ဆိုရမည်ဖြစ်သည်။
 

သို့ဖြစ်၍ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းတစ်ကျောင်းသို့ အုပ်ချုပ်ရန် တာဝန်ပေးခန့်အပ်မည့် သူသည် မည်မျှအရေးကြီးကြောင်း ထင်ရှားလှပါသည်။
 

သတ်မှတ်လုပ်သက်ပြည့်မီရခြင်း
 

ကျောင်းအုပ်တစ်ဦးကို  ခန့်အပ်မည်ဆိုလျှင် သတ်မှတ်လုပ်သက်များ ပြည့်မီရပါသည်။ အကြောင်းမှာ ကျောင်းလုပ်ငန်းဆိုင်ရာ (ရုံးကိစ္စ၊ စီမံ-ဘဏ္ဍာရေးရော) များကို အကျွမ်းတဝင် ရှိစေရန်ဖြစ်သည်။ သို့မှသာ ကျောင်း အုပ်အဖြစ် ခန့်ထားသူသည် ယင်းကျောင်း၏ ရုံးလုပ်ငန်းကိစ္စအဝဝ၊ စီမံခန့်ခွဲမှုဆိုင်ရာများကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်မည်ဖြစ်၏။ (ကျောင်းအုပ်လုပ်ငန်း အတွေ့အကြုံရှိသူများအစား လုပ်သက်မရှိ ဒေါက်တာဘွဲ့ရသူများအား ခုန်ပျံကျော် လွှားခန့်ထားမှုများကြောင့် ကျောင်းရုံးကိစ္စ၊ စီမံခန့်ခွဲမှု မပိုင်နိုင်မှုများဖြစ်ကာ ကျောင်းများ၏ ပညာရေးနိမ့်ကျမှုများ ဖြစ်ခဲ့ဘူးလေသည်။) ယခုအခါတွင် ကျွမ်းကျင်ပိုင်နိုင်မှု စစ်ဆေးအကဲဖြတ်၍ A, B, C အဆင့် ခွဲခြားကာ ခန့်ထားလျှက်ရှိ ကြောင်းသိရသည်။
 

ဘာသာရပ်ခွဲဝေခြင်း
 

ကျောင်းအုပ်ကြီးတစ်ဦးသည် ကျောင်းဖွင့်ရာသီမတိုင်မီကပင် အတန်း၊ ကျောင်းသားနှင့် ဆရာ၊ ဆရာမ အချိုးတို့ကို တွက်ချက်၍ အချိန်စာရင်းဆွဲခြင်း၊ ဘာသာရပ်ခွဲဝေခြင်းများကို ကြိုတင်ဆောင်ရွက်ကြရသည်။
ဘာသာရပ် ခွဲဝေမှုသည် အဓိကကျသည်။ သက်ဆိုင်ရာအတန်း၊ ဘာသာရပ်နှင့် ဆရာ၊ ဆရာမကို ကိုက်ညီမှုရှိစွာ ရွေးချယ်ရ မည်ဖြစ်သည်။ ဤနေရာတွင် အဂတိတရား၊ ကင်းရှင်းရန်လိုသည်။ အကြောင်းမှာ ဆရာ၊ ဆရာမတိုင်း သည် ကလေးအများစုလိုအပ်နေသော ဘာသာရပ်ဖြစ်သည့် သင်္ချာ၊ အင်္ဂလိပ်စသည်များကို သင်ချင်ကြ သည်။ စင်စစ် မိမိသင်ချင်သည့် ဘာသာရပ်ကို သင်ခွင့်မရှိ။ မိမိယူလာသည့် ဘာသာတွဲ၊ ကျွမ်းကျင်ပိုင်နိုင်မှု ရှိ၊ မရှိအပေါ်တွင် မူတည်သည်။ မိမိနှင့် ခင်မင်သည့် (ဝါ) မိမိအား အပံ့အပိုးပြုနေသူအား ဘာသာရပ်များ ခွဲဝေပေးမိပါက ကလေးများအတွက် များစွာထိ ခိုက်နိုင်သည်ကို သတိမူသင့်သည်။
 

လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများ
 

အခြေခံပညာကျောင်းတိုင်းသည် ပြဌာန်းကျောင်းသင်ခန်းစာများကို ချည်းသင်ရန်မဟုတ်ပါ။ အချိန်ဇယားပါ လက်တွေ့ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း အချိန်အလိုက် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဤနေရာတွင် ကျောင်းအုပ်ကြီး၏ အခန်းကဏ္ဍလွန်စွာမှ အရေးကြီးလှပါသည်။ ကျောင်းအုပ်ကြီးသည် ဘက်စုံထူးချွန်သူတစ်ဦး ဖြစ်ချင်မှ ဖြစ်နိုင်ပါမည်။ အချို့သည် အားကစား ဝါသနာပါသည်။ အချို့က စာပေဂီတ ဝါသနာပါသည်။ အချို့က ကွန်ပျူတာဘက်တွင် ကျွမ်းကျင်သည်။ ဆိုရလျှင် မိမိတို့ ကျွမ်းကျင်သည့် ဘက်တွင် အလေးသာနေသည်။ စာပေ ဗဟုသုတလိုက်စားသော ကျောင်းအုပ်ကြီး၏ ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ အသက်ဝင်၏။ စာပေဟော ပြောပွဲများ၊ စကားရည်လုပွဲများ၊ စာစီစာကုံးပြိုင်ပွဲများနှင့် စည်ကားနေတတ်၏။ အဆိုဂီတဝါသနာပါသည့် ကျောင်းအုပ် ကြီးများလက်ထက်တွင် ကျောင်းကပွဲများ၊ စုံညီပွဲများတွင် ဝါသနာရှင်များစွာ တွေ့နိုင်ခြင်းပင် ဖြစ်သည်။ ကျောင်းအုပ် ကြီးသည် စာသင်ကြားရေး သက်သက်ကို ဦးစားပေးသူ ဖြစ်ပါက ကျောင်း၏ဘက်စုံထူးချွန်မှုသည်လည်း စာမှလွဲ၍ အနိမ့်ဆုံး အဆင့်သာ ဖြစ်နေပေလိမ့်မည်။
 

သို့ဖြစ်၍ ကျောင်းတစ်ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့သည် ယင်းကျောင်းကို စီမံအုပ်ချုပ်ရသည့် ကျောင်း အုပ်ဆရာကြီး၏ စီမံအုပ်ချုပ်မှု ဘက်စုံထူးချွန်မှုအပေါ်များစွာ မူတည်နေသည်ဟု ဆိုခြင်းဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းအုပ်ကြီးများ၏ အရည်အသွေးမြှင့်တင်ရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး၊ ဘက်စုံထူးချွန်ရေးအတွက် အလျဉ်းသင့် သလို စွမ်းရည်မြှင့် သင်တန်းများလိုအပ်နေလေသည်။
 

မကြာသေးမီကပင် ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁/၂၀၁၈) ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းခန်းမ၌ ကျင်းပခဲ့ရာ ယင်းအခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ခဲ့သည်။ ယင်းအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက “ယနေ့သင်တန်းသည် နေပြည်တော်တွင် ပထမဆုံးဖွင့်လှစ်ခဲ့သော ပညာရေးစီမံခန့်ခွဲမှု သင်တန်းဖြစ်ပါ ကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် ယခုသင်တန်း တွင် သင်ကြားသင်ယူရေး စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပညာရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုများ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်ကြားပို့ချချက်များနှင့် မိမိတို့၏ အတွေ့အကြုံများကို မျှဝေဖလှယ်နိုင်ကြမည် ဖြစ်ပါကြောင်း၊ သင်တန်းအတွေ့ အကြုံများက မျှဝေဖလှယ်နိုင်ကြမည်ဖြစ်ပါကြောင်း၊ သင်တန်းအတွေ့အကြုံ များကို မိမိတို့ဆောင်ရွက်နေသည့် ပညာရေးကဏ္ဍများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပညာရည် မြင့်မားရေးအတွက် အရည်အသွေးရှိသော ဆရာ၊ ဆရာမများက အဓိကကျပါကြောင်း ဆရာ၊ ဆရာမများ အရည် အသွေးမြင့်မားရေးအတွက် ကျောင်းအုပ်ကြီးများ၏ ပံ့ပိုးကူညီမှု စီမံခန့်ခွဲမှုများက အရေးကြီးပါကြောင်း၊ ကျောင်းဖွင့်ရာ သီနီးကပ်လာပြီဖြစ်ပါသောကြောင့် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းရောက်ရှိရေး၊ မူလတန်းပညာ သင်ယူပြီး မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အခမဲ့ဖြန့်ဝေသည့် ဗလာစာအုပ်များ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ကျောင်းဝတ်စုံများကို ကျောင်းလာအပ်သူတိုင်း လက်ထဲအရောက် ဖြန့်ဝေပေးကြရန်နှင့် သင်ကြားသင်ယူမှု လုပ်ငန်းများကို ဇွန်လ (၁) ရက် ကတည်းက အင်ပြည့်အားပြည့် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား/သူ များအား လူသားကောင်းများဖြစ်အောင် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်အောင်၊ တာဝန်ယူတာဝန်ခံဆောင်ရွက် တတ်အောင် တီထွင်ကြုံဆတတ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးကြရမယ် ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားသွားသည်။ (သတင်းစဉ်-ကြေးမုံ)
 

ထို့ကြောင့် ကျောင်းအုပ်ကြီးများအနေဖြင့် ပညာရေးဌာန ပြည်ထောင်စုဝန်ကြီး၏ မိန့်မှာချက်များကို လုပ်ငန်းလမ်းညွှန်းအဖြစ် ခံယူကာ မိမိတို့၏ ကျောင်းအသီးသီးတို့တွင် ကျောင်းဖွင့်အမီ ဖြည့်တင်းစီမံ ဆောင်ရွက်နိုင်ခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်နေသည့် ကျောင်းတစ်ကျောင်းအဖြစ် ပုံဖော်ရန် မျှော်မှန်းထား သင့်ကြလေသည်။
 

ခင်မောင်ဌေး (ပညာရေး)