ဘင်္ဂလားဒေ့ရှ်လေယာဉ်ကို အပိုင်စီးရန်ကြိုးပမ်းသူမှာ သေနတ်အတု ကိုင်ဆောင်လာဟုဆို

ဒါကာ ၂၆  ဖေဖော်ဝါရီ

 

ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒိုများက ပစ်သတ်လိုက်သည့် လေယာဉ်အပိုင်စီးလာနိုင်ဖွယ်ရှိသူဟု ယူဆရသူတစ်ဦးသည် သေနတ်အတု ကိုင်ဆိုင်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်သည် စေ့စပ်ညှိနှိုင်းသူများနှင့် စကားပြောစဉ်ကလည်း ၎င်းမှာ ဇနီးဖြစ်သူနှင့် အဆင်မပြေဖြစ်နေသည့်အတွက် ဒူဘိုင်းသို့ ဦးတည်ပျံသန်းနေသည့် လေယာဉ်ကို အပိုင်သိမ်းလိုကြောင်း ပြောကြားခဲ့သည်။

 

လေယာဉ်အမှုထမ်းတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် စစ်တကောင်းလေဆိပ်တွင် အရေးပေါ်ဆင်းသက်ရန် တောင်းဆိုခဲ့သူအသက် ၂၅ နှစ်အရွယ်လက်နက်အတု ကိုင်ဆောင်လာသူသည် ပစ်ခတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒိုများက ၎င်းကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် လေယာဉ်ပေါ် ပါလာသူခရီးသည် ၁၃၄ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးတို့မှာ ဒဏ်ရာရရှိခြင်းမရှိဘဲ လွတ်မြောက်ခဲ့သည်။ ၎င်းကို ပစ်ခတ်ဖမ်းဆီးချိန်မှာ ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။

 

လေယာဉ်အပိုင်စီးရန်ကြိုးပမ်းသူမှာ စိတ်ပိုင်းဆိုင်ရာအရ ပုံမှန်မဟုတ်သူတစ်ဦးဖြစ်ကြောင်း လေဆိပ်မန်နေဂျာ ဆာဝါအီးဂျေမန်းက ပြောသည်။ လေယာဉ်အပိုင်စီးရန် ကြိုးပမ်းရသည့်အကြောင်းပြချက်မှာ ၎င်းမှာ ဇနီးဖြစ်သူနှင့် အဆင်မပြေ၍ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာနှင့် တွေ့ဆုံလိုသောကြောင့် ထိုသို့ပြုမူခဲ့ခြင်းဖြစ်ကြောင်း ဆာဝါက အေအက်ဖ်ပီသို့ပြောသည်။

 

BG 147 လေယာဉ်မှာ စစ်တကောင်းကိုဖြတ်ကာ ဒါကာမှဒူဘိုင်းသို့ သွားနေသည့် လေယာဉ်ဖြစ်သည်။ ခရီးသည်တစ်ဦးက ၎င်းမှာ သေနတ်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့သည်ဟု ပြောသော်ငြားလည်း ပြည်သူ့လေကြောင်း အာဏာပိုင်ဌာနမှ တာဝန်ရှိသူ မာရှယ်နာရင်းဟတ်ဆန်ကမူ ၎င်းကိုင်ဆောင်လာသော သေနတ်မှာ အစစ်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

 

အေအက်ဖ်ပီ