ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၄၀၀၀ နီးပါးရှိလာ

ဒါကာ ၂၇ ဇွန် 

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းမှာ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၅၀၄ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ခြင်းနှင့်အတူ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၃၉၇၈ ဦး ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ယနေ့ ပြောကြားသည်။

 

ထို့အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံတစ်ဝန်း၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၃၄ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၆၉၅ ဦး ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ပါမောက္ခ နာဆီမာဆူလ်တနာက အွန်လိုင်းမှတစ်ဆင့် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတစ်ဝန်း၌ တစ်ရက်အတွင်း လူ ၁၅၁၅၇ ဦးတို့၏ နမူနာကို စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၈၅ ဦးသည် တစ်ရက်အတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများနှင့် ဆေးပေးခန်းများမှ ထပ်မံပြန်ဆင်းခဲ့ကြရာ ယနေ့အထိ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၅၄၃၁၈ ဦး ရှိလာကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန် ၁၇ ရက်က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၈ ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်လာခဲ့သည်။ ထို့အတူ ဇွန် ၁၆ ရက်က ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၅၃ ဦး သေဆုံးခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက အဆိုပါရောဂါကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ