ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကံဆိုးခြင်းတွေ သယ်ဆောင်လာတဲ့ ကျားမုဆိုးမများ

၁၉ ဖေဖော်ဝါရီ

 

သားတွေရဲ့ ပစ်ပယ်ခံရခြင်း၊ အိမ်နီးချင်းတွေရဲ့ အဆက်အဆံမပြုလုပ်ခံခြင်းနဲ့  စုန်းမလို့ တံဆိပ်တပ်ခံရတဲ့ မိုဆာမတ် ရှာရှီဒါက ပြစ်မှုကျူးလွန်ခဲ့လို့လား။ တကယ်တော့ ရှာရီဒါကပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခြင်း မရှိခဲ့ပါဘူး။ သူမရဲ့ယောက်ျားဟာ ဘန်ဂေါကျားကိုက်လို့ သေဆုံးခဲ့တဲ့အတွက် အခုလို ကျားမုဆိုးမအဖြစ် ပစ်ပယ်ခံနေရတာ ဖြစ်ပါတယ်။

 

ရှာရှီဒါလို အမျိုးသမီးတွေဟာ သူတို့ရဲ့ လင်ယောက်ျားတွေအတွက် ကံဆိုးခြင်းတွေ သယ်ဆောင်လာသူလို့သာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကျေးရွာတွေမှာ အမြင်ရှိနေကြပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပျားဖွတ်မုဆိုးတွေ ကျင်လည်တဲ့ ဆန်ဒရာဘန်းဒေသရှိ ဂါဘူရာကျေးရွာမှာ နေထိုင်တဲ့ ရှာရှီဒါရဲ့ သားတွေက သူမအား ကံဆိုးတဲ့ စုန်းမလို့ ခေါ်ကြောင်း AFPသတင်းဌာနကို ပြောပါတယ်။

 

mdn

 

ဆန်ဒရာဘန်းဒေသဟာ ဘန်ဂေါကျားတွေ နေထိုင်ရာဒေသ ဖြစ်တယ်လို့ ဘန်ဂေါကျားလေ့လာရေး ပညာရှင်က ပြောပါတယ်။ အဲဒီကျားမျိုးဟာ မျိုးတုန်းနိုင်တဲ့ မျိုးစိတ်ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ လူဦးရေ တိုးပွားလာတဲ့အတွက် ကျားတွေရဲ့ သဘာဝအတိုင်း နေထိုင်မှုကို  လျော့ကျလာပါတယ်။ အဲဒီအတွက် ကျားတွေဟာ ကျေးရွာတွေအထိ အစာရှာဖို့ လာကြရတယ်လို့ ဆိုပါတယ်။

 

ဆန်ဒရာဘန်းဒေသမှာ ကျေးရွာပေါင်း ၅၀ ရှိပြီး ကျားကိုက်လို့ သေဆုံးသူ အမျိုးသား အနည်းဆုံး ၅၁၉ ဦး ရှိပါတယ်။ အဲဒီဒေသမှာ ၂၀၀၁-၂၀၁၁ ခုနှစ်အတွင်မှာ လူပေါင်း ငါးသိန်းခန့်နေထိုင်ကြောင်း သိရပါတယ်။

 

ခင်ပွန်းသည် ကျားကိုက်လို့ သေဆုံးအပြီးမှာ ကျန်ရစ်သူ အမျိုးသမီးတွေအတွက် ဒုက္ခက နှစ်ထပ်ကွမ်း ဖြစ်လာတာကို တွေ့ရပါတယ်။

 

အသက် ၄၅ နှစ်အရွယ် ရှာရှီဒါကို အသက် ၂၄ နဲ့ ၂၇ နှစ်အရွယ်သားတွေက စွန့်ပစ်ခဲ့တဲ့အတွက် ရင်ကွဲခဲ့ရကြောင်း၊ ပတ်ဝန်းကျင်ကလည်း စွန့်ပယ်ကြောင်း မျက်ရည်ကြားကနေ ပြောပြပါတယ်။

 

သူမနေထိုင်ရာတဲမှာ မုန်တိုင်းကြောင့် အမိုးမရှိတော့တာကို တွေ့ရပါတယ်။ ခေါင်မိုးပြန်မိုးရန် ရွာထဲကို အကူအညီ တောင်းပေမယ့် ဘယ်သူကမှ ကူညီခြင်း မရှိတဲ့အတွက် တာပေါ်လင် အဟောင်းနဲ့သာ ကာထားကို တွေ့ရပါတယ်။ ဒေသတာဝန်ရှိသူတွေကလည်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရှာရှီဒါကို အကူအညီပေးဖို့ ငြင်းဆန်တာကို တွေ့ရပါတယ်။

 

အခုလို ရှေးရိုးစွဲ အယူအဆတွေကို ပြောင်းလဲဖို့အတွက် Ledars ပရဟိတအဖွဲ့က ဆောင်ရွက်နေပေမယ့် ကျားမုဆိုးမများ အပေါ်မှာ ထားရှိတဲ့ အမြင်ပြောင်းလဲခြင်း မရှိသေးကြောင်း၊ အဓိက စိန်ခေါ်မှုကတော့ လူတွေရဲ့ ယုံကြည်မှုကို ပြောင်းလဲဖို့သာရှိကြောင်းနဲ့ အပြောင်းအလဲက နှေးကွေးကြောင်း အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ အသက်ငယ်ပြီး ပညာသင်ကြားခွင့်ရတဲ့ လူငယ်တွေကတော့ ကျားမုဆိုးမတွေ အပေါ်မှာ ကြောက်ရွံ့မှုနည်းကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP

 

mdn