ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာမည့် ဖေဖော်ဝါရီလတွင် ကိုဗစ်ကာကွယ်ဆေး ရရှိပြီး ပြည်သူများကို အခမဲ့ ထိုးပေးမည်

၂  ဒီဇင်ဘာ

         

ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့် ဖေဖော်ဝါရီလအတွင်း ရရှိမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက မျှော်လင့်ပြီး ပြည်သူများကို အခမဲ့ ထိုးပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

         

လူဦးရေ သန်း ၁၆၀ ကျော်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca မှ ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူရန် အိန္ဒိယနိုင်ငံ ဆီရမ်အင်စတီကျု့နှင့် ပြီးခဲ့သည့်လအတွင်း သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

         

“ကျွန်တော်တို့ ဖေဖော်ဝါရီလထက်နောက်မကျဘဲ ကိုဗစ်ကာကွယ်ဆေး ရရှိမယ်လို့ မျှော်မှန်းပြီး ပြည်သူတွေကို အခမဲ့ထိုးပေးမှာဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အတွင်းဝန် အဗ္ဗဒူမန်နန်က ပြောသည်။

         

ကျန်းမာရေးဝန်ဆောင်မှုပေးသူများ၊ ရဲတပ်ဖွဲ့ဝင်များကဲ့သို့သော ကိုဗစ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်သူများကို ဦးစားပေး၍ ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။

         

ဆင်းရဲသောနိုင်ငံများ၌ ကာကွယ်ဆေးထိုးမှု တိုးမြှင့်ဆောင်ရွက်ရန် ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမိတ်ဖက်အဖွဲ့တစ်ခုဖြစ်သည့် GAVI vaccine alliance ထံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၆၈ သန်း ရရှိမည်ဟု ၄င်းက ပြောသည်။

         

ကပ်ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်း ကိုဗစ်ကူးစက်မှု ၄၆၇၂၂၅ မှုနှင့် သေဆုံးသူ ၆၆၇၅ ဦးရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ညံ့ဖျင်းသော ကျန်းမာရေးအခြေခံ အဆောက်အအုံများကြောင့် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာမှု  ကြုံတွေ့နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

         

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြီးခဲ့သော သီတင်းပတ်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခဲ့ပြီး ယမန်နေ့ တစ်ရက်အတွင်း ကူးစက်မှုသစ် ၂၂၉၃ မှုနှင့် သေဆုံးသူ ၃၁ ဦး ရှိခဲ့သည်။

 

ကိုးကား--Straits Times