ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများအား မောင်တော ဒေသ၌ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပမီဒီယာအဖွဲ့တွေ့ဆုံမေးမြန်း

မောင်တော ၁၈ မတ်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများအား မောင်တောဒေသတွင် ရောက်ရှိနေသည့် ပြည်တွင်းပြည်ပမီဒီယာများက မတ် ၁၇ ရက် ညပိုင်းတွင် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တွေ့ဆုံမေးမြန်းခဲ့သည်။

 

 

ခမောင်းဆိပ်ကျေးရွာမှ မဖော်မီလာက  “  အဲဒီနေ့က မနက် ၈ နာရီနဲ့   ၉ နာရီကြား မှာ   အကြမ်းဖက်သမားတွေ ကျွန်မတို့အိမ်ကိုဝင်လာတယ်။ လက်ကိုကြိုးတုပ်တယ်။ မျက်စိပိတ်တယ်။ အားလုံးကို တန်းစီပြီး ထိုင်ခိုင်းထားတယ်။ တုတ်တွေနဲ့ရိုက်တယ်။ အမျိုးသားတွေကိုသတ်ပြီးတော့ ကျွန်မတို့ဆီက ရွေတွေ၊ ငွေတွေတောင်းတယ်။ အဲဒါတွေသိမ်းပြီးတော့ အားလုံးကို တောထဲကိုခေါ်သွား တယ်။ ကျွန်မတို့ မိန်းကလေးရှစ်ယောက်ကို တဲထဲမှာထိုင်ခိုင်းတယ်။ သူတို့က ကျွန်မတို့ ဘာသာရေး ကိုစော်ကားမှုတွေ ပြောပါတယ်။ ငါတို့ဘာသာကို ဝင်မလား၊  ငါတို့ကိုယူမလားဆိုပြီး မေးတယ်။ ကျွန်မတို့လည်း တခြားသူတွေလို အသတ်ခံရမှာ ကြောက်လို့ သူတို့ကိုယူလိုက်ရတယ်။

 

ကျွန်မတို့ဝတ်စုံတွေကို ချွတ်ခိုင်းပြီး သူတို့ဘာသာဝင်တွေဝတ်တဲ့ပုံစံအတိုင်း ဝတ်ခိုင်းပါတယ်။ နောက် တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုခေါ်သွားဖို့ လုပ်တယ်။ နောက်တစ်နေ့ မနက် ၁၁ နာရီလောက် ဟိုဘက်ကမ်း ကိုရောက်သွားတယ်။ ဟိုကိုရောက်သွားတော့ သူတို့ဘာသာဝင်အမျိုးသမီးတွေရဲ့ နှိပ်စက်စော်ကားခြင်း ကိုလည်းခံခဲ့ရပါတယ်။ ကျွန်မတို့အဖွဲ့က သူတို့အမျိုးသမီးတွေရဲ့ စော်ကားခြင်းမခံရအောင် ငါတို့က နင်တို့ဘာ သာထဲဝင်လာတာမို့ ချစ်ခင်စွာနေကြရအောင်လို့ ပြောထားရပါတယ်။ နောက်ပြီး အကြမ်းဖက် အဖွဲ့က မီဒီယာတွေရှေ့မှာ နင်တို့ ရွာသားတွေနဲ့ အမျိုးတွေကိုဘယ်သူသတ်သလဲလို့မေးရင် ရခိုင်တိုင်းရင်း သားတွေနဲ့ စစ်တပ်ကသတ်တယ်လို့ ပြောဖို့ခြိမ်းခြောက်ပြီး ပြောခိုင်းပါတယ်။ မပြောရင် နင်တို့လည်း အသတ်ခံရမယ်လို့ ပြောပါတယ်။ ဒါကြောင့် မီဒီယာတွေကို သူတို့ပြောခိုင်းတဲ့ အတိုင်းပြောလိုက်ရပါတယ်။

 

နောက်တစ်ရက်ညမှာ အဲဒီမှာရှိတဲ့ ဘာဘူဆိုတဲ့ လူဆီခေါ်သွားတယ်။ အဲဒီအချိန်မှာ သူတို့ဘာသာဝင် တစ်ထောင်ကျော်လောက်က ကျွန်မတို့အဖွဲ့ကိုသတ်ဖို့ဆိုပြီး တောင်းဆိုနေပါတယ်။ အဲဒီအချိန်မှာ ဘာဘူ ဆိုတဲ့လူက အဲဒီလိုသတ်ရင် သက်ဆိုင်ရာကိုတိုင်မယ်လို့ပြောလိုက်တယ်။ အဲဒီမှာ ကျွန်မတို့ တစ်လနဲ့ ငါးရက်နေရပါတယ်။ ကျွန်မတို့ကိုဘင်္ဂလားဒေ့ရှ်မှာနေမလားလို့မေးတယ်။ ကျွန်မတို့ဘာသာ တရားထုံးစံ အရ နေထိုင်ကြီးပြင်းစားသောက်ခဲ့ရတဲ့ မြေပေါ်မှာပဲနေမယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မတို့ကို ရခိုင်ပြည် နယ်က အစိုးရအဖွဲ့အစည်းတွေ တိုင်းရင်းသားတွေ ကဘာမှလုပ် တာမဟုတ်ပါဘူး။  အကြမ်းဖက် သမား တွေကြောင့်ပဲ ကျွန်မတို့ဒုက္ခရောက်ခဲ့ရတာပါ။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမနေဘဲ မြန်မာနိုင်ငံ ကိုပဲ ပြန်သွားဖို့ဆန္ဒရှိတယ်လို့ ပြောလိုက်တာပါ။ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေကူညီပေးလို့ စက်တင် ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတာပါ။ ဒီမှာစားဝတ်နေရေးအတွက် အဆင်ပြေ အောင်လုပ်ပေးထားပါတယ်။ အခုကျွန်မမှာဆွေမျိုးသားချင်းတွေ တစ်ယောက်မှမရှိတော့ပါဘူး။ သားလေးတစ်ယောက်ပဲရှိပါတယ်။ကိုယ့်အိမ်မှာဆွေမျိုးသားချင်းတွေနဲ့အတူပျော်ရွှင်အေးချမ်းစွာနေချင်ပါတယ်” ဟု ပြောသည်။

 

မောင်တောဒေသရှိ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောင်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြမ်း သမားတွေခေါ်ဆောင်သွားတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၁၀ ဦးသတင်းကို လူမှုကွန်ရက်စာမျက်နှာ (facebook)ကနေတစ်ဆင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့တွေ့ချင်း သက်ဆိုင်ရာကို ကျွန်တော် အကြောင်းကြားပါတယ်။ သူတို့ကို ပြန်ခေါ်လာရမလားလို့ပြောတော့ သက်ဆိုင်ရာကလည်းခွင့်ပြုတဲ့အတွက် သူတို့ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်က ဟိန္ဒူဘာသာရေးခေါင်းဆောင်နဲ့ချိတ်ဆက်ပြီး ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကလည်း ကူညီပေးပါတယ်။

 

မောင်တောဒေသမှာ ဟိန္ဒူဘာသာဝင်ဦးရေက ၁၂၀ဝ ကျော် ၁၃၀ဝ ခန့်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှာ ကျွန်တော်တို့ ဟိန္ဒူဘာသာဝင် ၄၀ဝ ကျော် ကျန်ရှိနေပါသေးတယ်။ ကျန်ရှိနေတဲ့သူတွေကိုလည်း ပြန်လည်ခေါ်ယူချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသမီး ၁၀ ဦးနဲ့ ကလေး ၁၆ ယောက် ပါလာပါတယ်။ သူတို့ကို ပြည်တွင်းပြည်ပသတင်းမီဒီယာတွေက အင်တာဗျူးတွေလုပ်တယ်။ သူတို့ကလည်း အမှန်တရားတွေပဲပြောပါတယ်။ ဟိန္ဒူဘာသာဝင်တွေ တကယ်ခံရတာကို အမှန်တွေပဲ ပြောတော့ တချို့တွေကလုပ်ကြံပြောဆိုတယ်ဆိုပြီး ဖုန်းနဲ့ခြိမ်းခြောက်မှုတွေ အမျိုးမျိုးခံခဲ့ရပါတယ်။

 

ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘယ်မီဒီယာနဲ့တွေ့တွေ့ အမှန်တရားတွေပဲပြောပါတယ်။ ပြန်လာတဲ့ အမျိုးသမီးတွေကိုလည်း အရင်က စစ်တွေမှာတော့ အစိုးရအဖွဲ့အစည်းတွေ ပရဟိတအဖွဲ့တွေ ဘုန်းတော် ကြီးတွေနဲ့ အလှူရှင်တွေကြောင့်ပြည့်ပြည့်စုံစုံရှိခဲ့ပါတယ်။ ဒီဘက်ဘူးသီးတောင်ကို ရောက်လာတော့ နောက်ပိုင်းလှူဒါန်းမှုတွေ သုံးလေးခေါက်လောက်ပဲရပါတော့တယ်။ သူတို့ကို အပြင်မှာထားရင် အသက် အန္တရာယ်ရှိတဲ့အတွက် camp ထဲမှာပဲထားပါတယ်။ သူတို့တွေ လုံခြုံအောင် ဘာသာရေးအဖွဲ့တွေကလည်း စောင့်ရှောက်ထားပါတယ်။

 

နောက်ပြီး ကျွန်တော်တို့ဟိန္ဒူဘာသာဝင် ၁၀၂ ယောက် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ ရပါတယ်။ အဲဒီလိုတွေ နောက်ထပ်မဖြစ်အောင် အစိုးရအနေနဲ့ ကူညီပေးစေလိုပါတယ်။ အခုလို ပြည်တွင်း ပြည်ပမီဒီယာတွေ လာရောက်မေးမြန်းတဲ့အတွက် အမှန်တရားတွေကိုပြောပြလိုက်ရတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်” ဟုပြောပြခဲ့သည်။

 

သတင်း-ကျော်သူဝင်း၊ အေးမင်းသူ

 

mdn