ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုစတင်

ဒါကာ ဒီဇင်ဘာ ၂၀

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုကို ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

 

မြို့တော်ဒါကာ၌ စတင်ဆောင်ရွက်ခဲ့သည့် အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံမှု စတင်ခြင်း အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဇာဟစ် မာလီကေး တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုတွင် သူနာပြုရူနူဗီရိုနီကာက ပထမဆုံးစတင်ထိုးနှံမှု ခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနေသူများနှင့် အသက်အရွယ် ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်း ထိုးနှံမှုတွင် ဦးစားပေးမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဇာဟစ်မာလီကေးက ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်