ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌  ကူးတို့လှေနှင့် ကုန်တင်သင်္ဘောတို့ တိုက်မိပြီးနစ်မြုပ်သွားသဖြင့် လူခြောက်ဦး ထက်မနည်း သေဆုံး 

မတ် ၂၁

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ  မြို့တော် ဒါကာ အပြင်ဘက် နာရာယန်ဂန်ခရိုင်ရှိ မြစ်တစ်စင်းတွင် ယမန်နေ့က ကူးတို့လှေတစ်စင်းနှင့် အခြားကုန်တင်သင်္ဘောတို့ တိုက်မိပြီး တိမ်းမှောက်သွားသဖြင့် ကယ်ဆယ်ရေးသမားများက ထိုမြစ်အတွင်းမှ ရုပ်အလောင်း ခြောက်လောင်းအား ရှာဖွေတွေ့ရှိခဲ့သည်ဟု  အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

နာရာယန်ဂန်ခရိုင်ရှိ ရှီတာလာခရာမြစ်တွင် MV Afsar Uddin အမည်ရှိ ကူးတို့လှေသည် ကုန်တင်သင်္ဘောနှင့် တိုက်မိပြီးနောက် နစ်မြုပ်သွားကြောင်း၊  အမျိုးသမီးသုံးဦး၊ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့၏ ရုပ်အလောင်းများကို ဆယ်ယူထားကြောင်းနှင့် တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း နာရာယန်ဂန်ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဂျာရီဒူလ်အလမ်က သတင်းထောက်များကို ပြောကြားသည်။

 

ခရီးသည် ၂၅ ဦးမှ ၃၀ ခန့်တင်ဆောင်လာသော ယင်းကူးတို့လှေသည် ယမန်နေ့က ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ထိုမြစ်အတွင်း နစ်မြုပ်သွားခဲ့သည်ဟု ထိုတာဝန်ရှိသူကဆိုသည်။

 

သို့ရာတွင် ဒေသခံမီဒီယာများကမူ ထိုလှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ ဒါဇင်ခန့်ရှိကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်မှုဆက်လက်ဆောင်ရွက်နေဆဲဖြစ်ရာ သေဆုံးသူဦးရေ ပိုမိုများပြားလာဖွယ်ရှိကြောင်း ဖော်ပြထားသည်။ 

 

ဘင်္ဂလားဒေ့ရှ်မြစ်ကြောင်းရဲတပ်ဖွဲ့က MV Rupshi-19 အမည်ရှိ ကုန်တင်သင်္ဘောကို သိမ်းဆည်းထားပြီး ၎င်း၏ရေယာဉ်မှူးနှင့် အခြားသင်္ဘောသားရှစ်ဦးကို ထိန်းသိမ်းထားသည်။

 

ယင်းမတော်တဆမှုဖြစ်ခဲ့သည့် ပေါ့ဆမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်ရေကြောင်းသွားလာရေး ဝန်ကြီးဌာနက ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို