ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးတို့ရေယာဉ်မီးလောင်မှုကြောင့် ၃၈ ဦးထက် မနည်းသေဆုံး

ဒါကာ ဒီဇင်ဘာ ၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးတို့ရေယာဉ်မီးလောင်မှုကြောင့် လူ ၃၈ ဦးထက်မနည်း သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ရေယာဉ်ပေါ်တွင် လူပေါင်း ၃၀၀ ကျော်ကို တင်ဆောင်လာခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်တွင် မြို့တော် ဒါကာမှ တောင်ပိုင်းခရိုင် ဘာဂူနာသို့ ထွက်ခွာလာသည့် ရေယာဉ်လည်းဖြစ်သည်။

ဒဏ်ရာရရှိသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၆၀ ကျော်ရှိသည်ဟု အာဏာပိုင်များက ပြောသည်။ သေဆုံးသူ ဦးရေမှာလည်း ထပ်တိုးလာနိုင်သေးသည်ဟု သိရသည်။ ရေယာဉ်၏အတွင်းပိုင်း မီးလောင်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာသည်။ ရေယာဉ် အင်ဂျင်အခန်းမှ စတင်မီးလောင်သည်ဟု ယူဆဖွယ်ရှိသည်။

မြစ်ချောင်း အင်းအိုင်များပေါများသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှာ အထူးအရေးပါသည်။ သို့သော်လည်း ရေယာဉ်များ မတော်တဆဖြစ်ခြင်းနှင့် မီးလောင်ခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စများဖြစ်သည်။

အင်န်အိတ်ချ်ကေ