ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသွားသူများအတွက် ဖွင့်လှစ်ထားသောစခန်းများမှ ၎င်းတို့၏သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသူများကို လက်ခံနေရာချထားပေး

နေပြည်တော် အောက်တိုဘာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူ အိမ်ထောင်စု တစ်စုမှ စုစုပေါင်း ကိုးဦး (ကျား-သုံးဦး၊ မ-ခြောက်ဦး) တို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာခဲ့ကြရာ ၎င်းတို့ကို အောက်တိုဘာ ၂ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိ သူများက ရခိုင်ပြည်နယ် မောင်တော မြို့နယ် ငါးခူရပြန်လည်လက်ခံရေး စခန်းတွင် စိစစ်လက်ခံခဲ့ကြသည်။

 

ပြန်လည်ဝင်ရောက်လာသူများအနက် အသက် (၁၀)နှစ်အထက် လေးဦး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်း များနှင့်အညီ NV Card များ ထုတ်ပေး ခဲ့ကြသည်။


အလားတူပင် စက်တင်ဘာ ၂၅ ရက်တွင် နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၄ စုမှ စုစုပေါင်း ၂၇ ဦး (ကျား - ၁၆ ဦး၊ မ - ၁၁ ဦး) တို့သည် ၎င်းတို့သဘောဆန္ဒ အရ ပြန်လည်ဝင်ရောက်ခဲ့ကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ် ကာ ပြန်လည်လက်ခံခဲ့ကြသည်။ ပြန်လည်ဝင်ရောက်လာသူများအနက် အသက်(၁၀)နှစ်အထက် ၂၀ (ကျား- ၁၂ ဦး၊ မ - ၈ ဦး) တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ရှိ သူများက NV Card များထုတ်ပေးခဲ့ ကြသည်။

 

ထို့ပြင် စက်တင်ဘာ ၃၀ ရက် တွင် နေရပ်စွန့်ခွာသူ အိမ်ထောင်စု ငါးစုမှ စုစုပေါင်း ၁၅ ဦး (ကျား- ကိုးဦး၊ မ - ခြောက်ဦး) တို့သည်၎င်းတို့၏ သဘောဆန္ဒအရ ငါးခူရ ပြန်လည်လက်ခံရေး စခန်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြရာ သက် ဆိုင်ရာ တာဝန်ရှိသူများက စိစစ် လက်ခံခဲ့ကြပြီး ၎င်းတို့အနက် အသက်(၁၀)နှစ် အထက် ၁၂ ဦး (ကျား - ခုနစ်ဦး၊ မ - ငါးဦး)တို့ကိုလည်း တာဝန်ရှိသူများက NV Card များ ထုတ်ပေးခဲ့ကြသည်။

 

ထိုကဲ့သို့ ၎င်းတို့၏ သဘောဆန္ဒ အရ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နေရပ်စွန့်ခွာသွား သူများကို သက်ဆိုင်ရာဝန်ကြီးဌာန များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)တို့မှ တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် ခဲ့ကာ လှဖိုးခေါင်ကြားစခန်းသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။ ကြား စခန်းမှ တာဝန်ရှိသူများက ၎င်းတို့ကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ပြန်လည်ဝင်ရောက်လာ သူများအား ၎င်းတို့ နေထိုင်မည့် ကျေးရွာအသီးသီးသို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေရပ် စွန့်ခွာသူများအတွက် ဖွင့်လှစ်ထား သည့် စခန်းများသို့ ရောက်ရှိနေကြ သော နေရပ်စွန့်ခွာသူများသည် ၎င်း တို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့ အထိ ပြန်လည်ဝင်ရောက်သူ ဦးရေ ၃၀၀ ကျော်ကို မြန်မာဘက်မှ စိစစ် ပြန်လည်လက်ခံခဲ့သည်။

သတင်းစဉ်