ဘင်းမ်စတက်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ

၁ သြဂုတ်

 

ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ကို အတိုကောက်အားဖြင့် ဘင်းမ်စတက် (BIMSREC) ဟုခေါ်ပါသည်။ ဘင်းမ်စတက်အဖွဲ့ ၌ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ပါသည်။ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအားလုံးရှိ လူဦးရေကို ပေါင်းလိုက်ပါက ၁ ဒသမ ၅ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်း ရှိပါသည်။ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံတို့၏ ဂျီဒီပီ (GDP) ကို စုပေါင်းပါကလည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ ရှိပါသည်။

 

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအားလုံး၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အခြေခံကျ၍ အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတို့ကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် အလေးအနက်ထား ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။ ဤသို့သော လိုအပ်ချက်နှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ဘင်းမ်စတက်ဒေသတွင်း အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးကွင်းဆက်ဖွံ့ ဖြိုးတိုးတက်လာစေရေး ဖြစ်ပါသည်။

 

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတို့၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ လုပ်ကွက်ငယ် လယ်သမားတို့သည် အရေးပါသော လူမှု-စီးပွားရေး အင်အားစုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဤဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်တို့ကို လုပ်ကွက်ငယ် လယ်သမားတို့ ရရှိခံစားနိုင်ရေးသည် အရေးပါသော လိုအပ်ချက် ဖြစ်ပါသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းရာ၌ သက်ဆိုင်ရာ နိုင်ငံတို့၏ အစိုးရအင်အားသက်သက်ဖြင့် အကောင်အထည်ဖော်မည်ဆိုပါက ပြည့်စုံနိုင်မည်မဟုတ်ပါ။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှသာ ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာ ဖြည့်ဆည်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ဤလိုအပ်ချက်အပေါ် မူတည်လျက် ယခုကျင်းပနေသော အလုပ်ရုံ ဆွေးနွေးပွဲ၌ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးကွင်းဆက် ဖွံ့ ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး အခြေအနေတို့ကို ဆွေးနွေး ကြမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆွေးနွေးကြရာ၌ အကျိုးတူလယ်ယာစနစ် ဖွံ့ဖြိုးရေးအပါအဝင် ဆန်စပါးနှင့် ပဲအမျိုးမျိုးတို့၏ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အားနည်းချက် အားသာချက်တို့အား သုံးသပ်ကြ မည်ဖြစ်ပါသည်။ ထို့အတူ စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နိုင်ငံအလိုက် စံနှုန်းများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးကြမည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတို့၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ လုပ်ကွက်ငယ်လယ်သမားတို့၏ဘဝ တိုးတက်ရေးကိုပါ ဦးတည်ကျင်းပနေခြင်းဖြစ်၍ လေးနက်စွာ ကြိုဆိုပါကြောင်း တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း