ဘန်လေအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သည့် ကလော့ပ်၏ လီဗာပူးအသင်း

ဩဂုတ် ၂၁

 

ပရီမီယာလိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂)၏ အစောဆုံးပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ဘန်လေအသင်းတို့ ပွဲစဉ်ကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

လီဗာပူးအသင်းနည်းပြ ကလော့ပ်သည် ယနေ့ပွဲစဉ်တွင် အားထားရသည့်ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ဒိုင်ချီ၏ ဘန်လေအသင်းကလည်း အဓိကကစားသမားအများစုဖြင့် လီဗာပူးအသင်းကို ရင်ဆိုင်လာခဲ့သည်။ ပွဲစသည်နှင့် လီဗာပူးအသင်းက ဘန်လေအသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၁၈ မိနစ်တွင် လီဗာပူးအသင်း အဖွင့်ဂိုးရရှိခဲ့သည်။ အဆိုပါ ဂိုးကို ဆီမီကပ်စ်၏ ဖန်တီးမှုမှတစ်ဆင့် ဂျိုတာက သွင်းယူပေးခဲ့သည်။

 

ဘန်လေအသင်းသည် အဖွင့်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့သော်လည်း လီဗာပူးအသင်း၏ ဖိအားပေးမှုကိုသာ ခံခဲ့ရသည်။ ပွဲချိန် ၂၇ မိနစ်တွင် လီဗာပူးအသင်းအတွက် ဒုတိယဂိုးကို အသင်းတိုက်စစ်ကစားသမား ဆာလာက သွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည့်အတွက် လီဗာပူးအသင်း နစ်နာခဲ့ရသည်။ ထို့နောက် နှစ်သင်းစလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် လီဗာပူးအသင်းက ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ဘန်လေအသင်း၏ကစားအား တက်လာခြင်းမရှိဘဲ လီဗာပူးအသင်း၏ ဖိအားပေး တိုက်စစ်ဆင်မှုကိုသာ ခံခဲ့ရသည်။ ပွဲချိန် ၆၉ မိနစ်တွင် လီဗာပူးအသင်းက ဒုတိယဂိုး ရရှိခဲ့သည်။ အဆိုပါ ဂိုးကို မာနေးက အာနိုး၏ ဖန်တီးမှုမှုတစ်ဆင့် သွင်းယူနိုင်ခဲ့သည်။ ဗန်ဒိုက်ပါဝင်သည့် လီဗာပူးအသင်း၏ ခံစစ်ပိုင်း ပိုမိုကျစ်လျစ်လာခဲ့ပြီး ဘန်လေအသင်း၏ ကန်သွင်းချက်များကို ကောင်းစွာရှင်းထုတ်နိုင်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံးလူစားလဲမှုများပြုလုပ်လာခဲ့သော်လည်း ပွဲပြီးသည်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် လီဗာပူးအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် လီဗာပူးအသင်းသည် ပရီမီယာလိဂ်နှစ်ပွဲကစားပြီးချိန်တွင် နှစ်ပွဲစလုံးအနိုင်ရရှိထားပြီး ရမှတ် ခြောက်မှတ် ရရှိထားသည်။ ဘန်လေအသင်းက နှစ်ပွဲကစား နှစ်ပွဲရှုံးဖြင့် ရမှတ် မရရှိသေးပေ။

 

အောင်ဇော်