ဘန်လေအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီး ယခုနှစ်အတွင်း ပရီမီယာလိဂ်ပြိုင်ပွဲ၌ လက်စတာစီးတီး အသင်း ပထမဆုံးနိုင်ပွဲရရှိ

လက်စတာစီးတီးအသင်းဟာ မတ် ၁ ရက် ညပိုင်းက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုနှစ်အတွင်း ပထမဆုံး ပရီမီယာလိဂ် နိုင်ပွဲရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

နှစ်ဂိုးပြတ်အနိုင်ရရှိ ဘန်လေအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ပွဲကစားချိန်မိနစ် ၈၀ အထိ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ ပွဲကစားချိန် ၈၂ မိနစ်ရောက်မှ သာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ လက်စတာစီးတီးအသင်းက မက်ဒီဆင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး မိနစ် ၉၀ မှာ ဗာဒီရဲ့ သွင်းဂိုးထပ်မံရရှိခဲ့တာကြောင့် ဘန်လေအသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဗာဒီဟာ လက်စတာစီးတီးအသင်းက လီဗာပူးအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး နောက်ပိုင်း တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် လက်စတာစီးတီး အသင်းနဲ့အတူ ပါဝင်ပွဲထွက် ကစားနိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူး ဗာဒီဟာ အခုပွဲစဉ်မှာ လက်စတာစီးတီးအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ တာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၈ ရက်က ဝက်ဖို့ဒ်အသင်းကို လက်စတာစီးတီးအသင်းက လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပရီမီယာလိဂ်သွင်းဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးဟာ ယခုဘောလုံးရာသီအတွင်း လက်စတာစီးတီးအသင်းနဲ့အတူ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဗာဒီရဲ့ ၁၀ ဂိုးမြောက် ပရီမီယာလိဂ်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

လက်စတာစီးတီးအသင်းဟာ လက်ရှိ ပရီမီယာလိဂ်ပွဲစဉ် ၂၄ ပွဲကစားပြီးချိန်မှာ ရမှတ် စုစုပေါင်း ၃၀ နဲ့ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာရပ်တည်နေတာဖြစ်ပြီး ဘန်လေအသင်းကတော့ ပရီမီယာလိဂ် ပွဲစဉ် ၂၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်