ဗဟန်းမြို့နယ်ရှိ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေ အကျိုးခံစားခွင့် ပေးအပ်

ရန်ကုန် ၁၇ ဇွန်

 

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ကျန်းမာရေးစစ်ဆေးခံရန် ယာယီပိတ်သိမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် (၃၂၇/ ၃၆၇) ရှိ မြို့နယ် လူမှုဖူလုံရေး ရုံးခွဲ (၄) တွင် ပြုလုပ်သည်။

 

ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးထွန်းကြိုင်က လူမှုဖူလုံရေးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာန (၅) ခုမှ အာမခံ အလုပ်သမား (၄၆၉) ဦးအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၂၉၁၁၂၄၇၉ ဒသမ ၉၉ ကျပ် ကို သက်ဆိုင်ရာ အလုပ်ဌာနတို့မှ တာဝန်ခံများထံ ပေးအပ်ခဲ့သည်။

 

ယနေ့ ထောက်ပံ့ငွေပေးများကို ဗဟန်းမြို့နယ်ရှိ TMW Enterprise Ltd၊ United Shwe Naing Ngan Co., Ltd၊ Best Colour Co.,Ltd၊ Thu Htut Kaung Trading Co., Ltd နှင့် Shwe Naing Ngan Co., Ltd တို့မှ အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်ခြင်းဖြစ်သည်။

 

မြို့နယ်လူမှုဖူလုံရေး ရုံးခွဲ (၄) တွင် ယနေ့အထိ မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန (၂၀)တို့မှ အာမခံအလုပ်သမား (၁၃၂၇)ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၈၅၅၂၈၂၂၈ ဒသမ ၁၄ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

 

ယနေ့ လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)