ဘရာဇီးနဲ့ မက္ကဆီကိုနိုင်ငံက ဗိုင်းရပ်စ်ရောဂါပိုးအခြေအနေအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

၁ ဒီဇင်ဘာ

ဘရာဇီးနဲ့ မက္ကဆီကိုနိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှိနေကြောင်းနဲ့ ရောဂါပိုးကူးစက်မှုအား ပိုမိုအားစိုက်ထိန်းချုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္လာနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ 

ဘရာဇီးနိုင်ငံရဲ့အခြေအနေဟာ အရမ်းကိုစိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေကြောင်းနဲ့ မက္ကဆီကို နိုင်ငံမှာလည်း အခြေအနေမကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ တက်ဒရော့ အက်ဟာနွမ် ဂေဘရီယေဆက် က သတိပေးပြောကြားတာဖြစ်ပါတယ်။ 

လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့ ဘရားဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁၇၃,၀၀၀ ကျော်ရှိနေတဲ့အတွက် ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဒုတိယအများဆုံး နိုင်ငံအဖြစ် အမေရိကန်နိုင်ငံရဲ့ နောက်မှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် တစ်ပတ်အတွင်းမှာ ပိုးတွေ့ရှိသူ ၂၁၈,၀၀၀ ရှိခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလဆန်းပိုင်း သီတင်းပတ်က သေဆုံးသူဟာ ၂,၅၃၈ ဦးရှိပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်က သေဆုံးသူဟာ ၃,၈၇၆ အထိ တိုးလာတာကိုတွေ့ရပါတယ်။ 

မက္ကဆီကိုနိုင်ငံမှာ  နိုဝင်ဘာ ၂၀ ရက်နေ့က သေဆုံးသူ ၁၀၀,၀၀၀ ကျော်သွားပြီး အဲဒီအချိန်ကနေ အခုထိ သေဆုံးသူ ၅,၀၀၀ ကျော်တိုးလာကြောင်း နဲ့ ပြီးခဲ့တဲ့ ရုံးပိတ်ရက်အတွင်းမှာ တစ်ရက်တည်းနဲ့ ပိုးတွေ့ရှိသူ ၁၂,၀၀၀ ကျော်တာကိုလည်း တွေ့ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ထောက်ပြပါတယ်။ 

MDN
ကိုကား -AFP