၁၀ နိုဝင်ဘာ
ဘရာဇီးနိုင်ငံ ကျန်းမာရေးဌာနကနေ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်နေခြင်းကို ရပ်ဆိုင်းထားကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ ကာကွယ်ဆေး စမ်းသပ်ခံနေသူ တစ်ဦးမှာ ဆေးရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု နဲ့ ရင်ဆိုင်လိုက်ရပြီးနောက် အခုလို ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
တရုတ်ဆေးကုမ္ပဏီ Sinovac Biotech ကနေ ထုတ်လုပ်ထားတဲ့ CoronaVac အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး စမ်းသပ်ခံနေသူ တစ်ဦးဟာ အောက်တိုဘာ ၂၉ ရက်နေ့က ပြင်းထန်တဲ့ တုန့်ပြန်မှုကြောင့် ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း၊ အသေးစိတ်ကိုတော့ မထုတ်ပြန်နိုင်ကြောင့်၊ အဲဒီတုန့်ပြန်မှုကနေ သေဆုံးနိုင်ခြင်း၊ မသန်စွမ်းဖြစ်သွားနိုင်ခြင်း အထိ ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ကျန်းမာရေးဌာနကနေ သတင်းစာရှင်းလင်းပွဲကို အင်္ဂါနေ့ နံနက်ပိုင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။
CoronaVac ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးဟာ ဘရာဇီးနိုင်ငံရဲ့ နိုင်ငံရေးအရှုပ်အထွေးကြားမှာ ပိတ်မိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘရာဇီးကျန်းမာရေး ဝန်ကြီးက CoronaVac ကာကွယ်ဆေး ၄၆ သန်းဝယ်ယူဖို့ စီစဉ်ထားချက်ကို သမ္မတက ပြီးခဲ့တဲ့လက ပယ်ဖျက်ခဲ့ပါတယ်။
သမ္မတက အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးသာ ဝယ်ယူဖို့ မျှော်လင့်နေပါတယ်။
MDN
ကိုးကား - AFP