ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ ဆရာမများအား လစာတိုးမြှင့်ထောက်ပံ့ပေးမည့်အစီအစဉ်တစ်ခု မြန်မာ့ရှေ့ဆောင်ဘဏ်မှ မိတ်ဆက်

mdn

ရန်ကုန် ၂၂  ဒီဇင်ဘာ

 

မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)အနေဖြင့် မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် သီလရှင်ပညာရေးကျောင်းများမှ ဆရာ ဆရာမများ၏ လုပ်ခလစာကို တိုးမြှင့်ထောက်ပံ့ပေးမည့် "တစ်သိန်း တိုင်းမှာတစ်ဆယ်လှူ MAB နဲ့ လက်တွဲကူ" အစီအစဉ်တစ်ခုကိုပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအစီအစဉ်အား မြန်မာ့ ရှေ့ဆောင်ဘဏ်၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းကာလအတွင်း ငွေကျပ်တစ်သိန်းစုငွေ ထည့်သွင်းသည့် အခါတိုင်း ငွေ တစ်ဆယ်ကျပ်ကို မတည်ငွေအဖြစ် MAB မှ ထည့်ဝင်လှူဒါန်းသွားမည် ဖြစ်ကာ ယင်းသို့လှူဒါန်းသည့် မတည်ငွေကို လာရောက်အပ်နှံသူများ၏ အကောင့်များမှရယူခြင်းမဟုတ်ဘဲ MAB ၏ အကျိုးအမြတ်များမှသာ မတည်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းလူမှုအကျိုးပြု အစီအစဉ်၏ လှူဒါန်းမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်၍ နောင်သုံးနှစ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြိုင်သီလရှင်သင်ပညာရေးကျောင်းနှင့် ဓမ္မာစရိယဘုန်းတော်ကြီး သင်ပညာရေးကျောင်းရှိဆရာ ဆရာမ များအား ကျောင်းမှပေးအပ်သည့် လုပ်ခလစာအပြင် MAB က အပို ထပ်ဆောင်းပေးသောစုငွေအဖြစ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယင်း သည် ဆရာ ဆရာမများ၏ပုံမှန်ရရှိနေသော လစာကို အစားထိုးပေးအပ်ခြင်း မဟုတ်ဘဲ ပိုမိုတိုးပွားအောင်ပြုလုပ် ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ် ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော လူမှုဘဝကို ရရှိပိုင်ဆိုင်မည်ဖြစ်ပြီး မိမိတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ်ကိုလည်း ဆက်လက်လုပ် ဆောင်ရန် တွန်းအားပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

 

ထို့ပြင် "တစ်သိန်းတိုင်းမှာ တစ်ဆယ်လှူ MAB နဲ့ လက်တွဲကူ” အစီအစဉ်အရ ထန်းတပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း တွင်လည်း ကျောင်းအဆောက်အအုံ များနှင့် ပရိဘောဂများကို လှူဒါန်း သွားမည်ဖြစ်ကြောင်း MAB မှ သိရသည်။

 

ကိုထက်