ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး အဆင့်မြှင့်တင်

ခရမ်းစိုးမြင့်

ပြည်ထောင်စုလမ်းမကြီး (NH1) ဖြစ်သော ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း- ကော့သောင်းကားလမ်းသည် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသောလမ်းမကြီးဖြစ်ပြီး ကုန်စည်များ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း အတွက် အဓိကကျသောလမ်းမကြီးဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ၄၉၅ မိုင် ၄ ဖာလုံအရှည်ရှိပြီး မလွှဲတောင်-ထားဝယ် အပိုင်း၊ ထားဝယ်-ပလောက် အပိုင်း၊ ပလောက်-ပုလော-မြိတ်အပိုင်း၊ မြိတ်-တနင်္သာရီ-ထုံခါ အပိုင်း၊ ထုံခါ-ဘုတ်ပြင်း အပိုင်းနှင့် ဘုတ်ပြင်း-ကော့သောင်း အပိုင်းများအဖြစ် သတ်မှတ်ထားရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်းလမ်းဦးစီးဌာနက တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ကုန်စည်နှင့် ခရီးသွားလုပ်ငန်းများ

မလွှဲတောင်-ထားဝယ်လမ်းအပိုင်းသည် ၂၄၅ မိုင် ၆ ဒသမ ၅ ဖာလုံမှ ၃၂၈ မိုင် ၃ ဒသမ ၅ ဖာလုံ အထိ ၈၂ မိုင် ၅ ဖာလုံရှိပြီး မွန်ပြည်နယ်မှ တနင်္သာရီ တိုင်းဒေသကြီးသို့ အဓိကဝင်ပေါက်လမ်းမကြီးဖြစ်သည်။ တောင်ကုန်းတောင်တန်းနှင့် မြေပြန့်ပိုင်းတို့၌ ဖောက်လုပ်ထားသည့်လမ်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ခန့်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ထားဝယ်မှ ရေးသို့ တစ်နေကုန်ခရီးဖြင့် သွားလာခဲ့ရသည်။ တနင်္သာရီတိုင်းဒေသကြီးသို့ ဝင်ရောက်လာမည့် ကုန်စည်နှင့် ခရီးသွားလုပ်ငန်းများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် အရေးကြီးသော လမ်းမကြီးတစ်ခုဖြစ်သည့်အတွက် လမ်းဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၂၃)မှ နှစ်စဉ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်၌ ၁၈ ပေ အကျယ်ကတ္တရာလမ်း မိုင် ၈၀၊ ၆ ဒသမ ၅ ဖာလုံ၊ ၂၄ ပေ အကျယ် ကတ္တရာလမ်း သုညမိုင် ၇ ဒသမ ၅ ဖာလုံရှိပြီး ယာဉ်မောင်းကြာချိန်လေး နာရီခွဲခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါတွင် ၂၄ ပေ အကျယ်ကတ္တရာကွန်ကရစ် (AC)လမ်း မိုင် ၅၀၊ ၄ ဒသမ ၈ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၃၂ မိုင် သုည ဒသမ ၂၅ ဖာလုံအထိ လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ခဲ့ပြီးနောက် ယာဉ်မောင်းကြာချိန် နှစ်နာရီ မိနစ် ၂၀ ခန့်ဖြင့် အချိန်တိုတောင်း စွာသွားလာနိုင်ပြီ ဖြစ်သည်။
 
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်သည် မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်း၊ တနင်္သာရီ ကမ်းမြောင်ဒေသ၏ အလယ်ပိုင်းတွင်တည်ရှိပြီး ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော နယ်ခြားဒေသတစ်ခုလည်း ဖြစ်သည်။ ခရစ်နှစ် ၁၈၃၄ ခုနှစ်အထိ ကျိုက္ခမီ၊ ရေး၊ ထားဝယ်၊ မြိတ်ဟု လေးခရိုင်ထားရှိပြီး အိန္ဒိယဘုရင်ခံ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည်။ လွတ်လပ်ရေးရပြီး နောက် မြိတ်ခရိုင်ကို ခြောက်မြို့နယ် ခွဲခြားသတ်မှတ်၍ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ လေးမြို့နယ်မှာ မြိတ်ခရိုင်အတွင်းပါဝင်ပြီး ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့သည် ကော့သောင်းခရိုင်အဖြစ် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် သီးခြားပေါ်လွင်လာခဲ့သည်။

ကော့သောင်းခရိုင်သည် ယခင်မြိတ်ခရိုင်တွင် ပါဝင်ပြီး ၆-၁-၁၉၉၂ ရက်နေ့တွင် ကော့သောင်းနှင့် ဘုတ်ပြင်း နှစ်မြို့နယ်ပါဝင်သည့် ကော့သောင်းခရိုင်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထဲရေး ဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ်(၅၁)အရ ဖွဲ့စည်းခဲ့သည်။ ၁-၁-၂၀၀၃ ရက်နေ့တွင် ကော့သောင်း ခရိုင် ကော့သောင်းမြို့နယ်တွင် ခမောက်ကြီးမြို့ကို လည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်တွင် ၁-၄-၂၀၀၄ ရက်နေ့၌ ကရသူရိမြို့နှင့် ၁-၁-၂၀၀၃ ရက်နေ့တွင် ပြည်ကြီးမဏ္ဍိုင်မြို့ကိုလည်းကောင်း ထည့်သွင်း ဖွဲ့စည်းခဲ့သည်။

ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် အထောက်အကူပြုခဲ့သောလမ်း

ထားဝယ်-ပလောက်လမ်း အပိုင်းသည် ၃၂၈ မိုင် ၃ ဒသမ ၅ ဖာလုံမှ ၃၉၅ မိုင် ၃ ဒသမ ၅ ဖာလုံ အထိ ၆၇ မိုင် သုညဖာလုံရှိပြီး တနင်္သာရီတိုင်းဒေသကြီး၏ မြို့ကြီးနှစ်မြို့ဖြစ်သော ထားဝယ်မြို့နှင့် မြိတ်မြို့တို့ကို ဆက်သွယ်သည့် တစ်ခုတည်းသော လမ်းမကြီးလည်း ဖြစ်သည်။ ၎င်းလမ်းပိုင်းမှာ ယခင်က ဘုတ်တောင်ကြောနှင့် မြေပြန့်ပိုင်းတို့ကို ဖောက်လုပ်ထားသည့် လမ်းဖြစ်သောကြောင့် အကွေ့အကောက်နှင့် မျက်ကွယ်ကုန်းများစွာရှိပြီး ၂၀၀၀ ပြည့်နှစ်ခန့်တွင် သွားရေးလာရေးခက်ခဲပြီး ထားဝယ်မှ ပလောက်သို့ တစ်နေကုန်ခရီးဖြင့် သွားလာခဲ့ရသည်။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု လျင်မြန်စေရန်အတွက် ရည်ရွယ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ရာ လမ်းတစ်လျှောက်ရှိ မြို့၊ ရွာများတွင်နေထိုင်သော ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် အထောက်အကူပြုခဲ့သောလမ်းဖြစ်သည်။ လမ်းဦးစီးဌာနထားဝယ်ခရိုင်က နှစ်စဉ်လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်၌ (AC)လမ်း သုည မိုင် ၅ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၄၃ မိုင် သုည ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၁ မိုင် ၃ ဖာလုံရှိပြီး ယာဉ်မောင်းကြာချိန် သုံးနာရီ မိနစ် ၂၀ ခန့် ကြာမြင့် ခဲ့သော်လည်း ယခုအခါတွင် ကတ္တရာ ကွန်ကရစ် (AC)လမ်း ၂၈ မိုင် ၇ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၄ မိုင် ၅ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၃၃ မိုင် ၄ ဖာလုံအထိ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီးနောက် ယာဉ်မောင်းကြာချိန် တစ်နာရီ မိနစ် ၅၀ ခန့်ဖြင့် အချိန်တိုတောင်းစွာ သွားလာနိုင်ပြီဖြစ်သည်။

၎င်းအပြင် ပလောက်-ပုလော-မြိတ်လမ်း အပိုင်းသည် ၃၉၅ မိုင် ၃ ဒသမ ၅ ဖာလုံမှ ၄၇၅ မိုင် သုည ဒသမ ၅ ဖာလုံအထိ ၇၉ မိုင်၅ ဖာလုံရှိပြီး ထားဝယ်မြို့နှင့် မြိတ်မြို့တို့ကို ဆက်သွယ်ထားသော လမ်းမကြီးလည်းဖြစ်သည်။ ယခင်က လမ်းအကျယ် ၁၂ ပေအကျယ် ကတ္တရာလမ်း၊ အမာခံ လမ်းအဆင့်သာရှိပြီး လမ်းအကွေ့အကောက်များဖြင့် သွားလာရခက်ခဲခဲ့သည်။ သမုတ်-လွတ်လွတ် တံတား မတည်ဆောက်မီက သမုတ်ဘက်ကမ်းနှင့် လွတ်လွတ်ဘက်ကမ်းအား ဇက်၊ လှေတို့ဖြင့် ဖြတ်ကူးရသည်။ ရေလမ်းခရီးဖြင့် မသွားလိုပါက ဘုတ်-ဒေါ-မဇောပြင်ကြီးလမ်း(ဘုတ်-ဒေါ)အပိုင်း နှင့် ဒေါ-ကဘင်းလမ်းတို့မှ သွားလာရသဖြင့် အချိန်ကြန့်ကြာမှုများ ဖြစ်ခဲ့ရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သမုတ်-လွတ်လွတ်တံတားအား တံတားတည်ဆောက်ရေးအထူးအဖွဲ့(၄)က စတင် တည်ဆောက်ခဲ့ပြီး တံတားနှင့်ဆက်စပ်နေသော ဘုတ်-သမုတ်-ကဘင်း လမ်းအပိုင်းကိုလည်း လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းကွေ့ဖြောင့်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် သမုတ်-လွတ်လွတ်တံတားအား ဖွင့်လှစ်ပြီးဖြစ်သောကြောင့် လမ်းပန်းဆက်သွယ် ရေး လွယ်ကူလျင်မြန်လာခဲ့သည်။ လမ်းဦးစီးဌာန မြိတ်ခရိုင်မှ နှစ်စဉ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်၌ ကွန်ကရစ်လမ်း သုည မိုင် ၁ ဖာလုံ၊ ၁၂ ပေအကျယ် ကတ္တရာလမ်း ၄၂ မိုင် ၂ ဒသမ ၅ ဖာလုံ၊ ၁၈ ပေ အကျယ် ကတ္တရာလမ်း ၄ မိုင် ၆ ဒသမ ၅ ဖာလုံ၊ ၂၂ ပေအကျယ် ကတ္တရာလမ်း သုညမိုင် ၆ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၃ မိုင် ၆ ဖာလုံနှင့် ရေလမ်း သုညမိုင် ၁ ဖာလုံ ရှိပြီး ယာဉ်မောင်းကြာချိန် လေးနာရီခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါတွင် ၂၄ ပေအကျယ် ကွန်ကရစ်လမ်း ၁ မိုင် သုည ဒသမ ၅ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ်(AC)လမ်း ၁၆ မိုင် ၂ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၁၉ မိုင် ၃ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၄၂ မိုင် ၇ ဒသမ ၅ ဖာလုံအထိ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီးနောက် ယာဉ်မောင်းကြာချိန် နှစ်နာရီ ၁၅ မိနစ် ခန့်ဖြင့် အချိန်တိုတောင်းစွာ သွားလာနိုင်ခဲ့သည်။ 

နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သော မောတောင်နှင့် ဆင်ခွန်း

မြိတ်-တနင်္သာရီ-ထုံခါလမ်းအပိုင်းသည် ၄၇၅ မိုင် သုည ဒသမ ၅ ဖာလုံမှ ၅၃၁ မိုင် ၆ ဒသမ ၅ ဖာလုံအထိ ၅၆ မိုင် ၆ ဖာလုံရှိပြီး မြိတ်မှ ကော့သောင်းသို့သွားရာ အဓိကလမ်းမကြီးဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်အထိ ၁၂ ပေအကျယ် အမာခံလမ်းအဆင့်သာရှိသောကြောင့် သွားလာရခက်ခဲခဲ့သည်။
နှစ်အလိုက် မျက်ကွယ်ကုန်းဖြတ်ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြိတ်-တနင်္သာရီ -ထုံခါ လမ်းအပိုင်းရှိ တနင်္သာရီတံတား (ဘေလီတံတား) အဟောင်းနေရာတွင် သံမဏိသံပေါင်၊ သံကူကွန်ကရစ်တံတားကြီးအဖြစ် အဆင့် မြှင့်တင်တည်ဆောက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တနင်္သာရီတံတားအသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကုန်စည်ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ခဲ့သည်။ မြိတ်-တနင်္သာရီ-ထုံခါ လမ်းအပိုင်းမှ ထိုင်းနိုင်ငံသို့ ဆက်သွယ်သော ထုံခါ-သဲဖြူ-မောတောင်လမ်းကို ဆက်သွယ်ဖောက်လုပ် ထားပြီးဖြစ်ရာ မြိတ်မြို့၏ ရေထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သော မောတောင်နှင့် ဆင်ခွန်းတို့မှတစ်ဆင့် ကုန်သွယ်ရေးလုပ်ငန်းများလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ 

၎င်းအပြင် ထုံခါ-ဘုတ်ပြင်းလမ်းအပိုင်းသည် ၅၃၁ မိုင် ၆ ဒသမ ၅ ဖာလုံမှ ၆ ၁၁ မိုင် ၃ ဒသမ ၅ ဖာလုံအထိ ၇၉ မိုင် ၅ ဖာလုံ ရှိသည်။ ထုံခါ-ဘုတ်ပြင်းလမ်းအပိုင်းကို တနင်္သာရီ (ထုံခါ) လမ်းခွဲ မှ ဘုတ်ပြင်းမြို့သို့ ရောက်ရှိစေရန် ရင်ကွဲတောင်နှင့် ပွိုင့် ၁၀၂၀ တောင်ကုန်းတို့ကို ဖြတ်သန်းဖောက်လုပ် ထားပြီး ၁၉၉၀ ပြည့်နှစ်ကျော်ကာလများတွင် တစ်နေကုန်အထိသွားလာခဲ့ရသည်။ လမ်းအဆင့် မြှင့်တင်ရာတွင် လမ်းကွေ့ဖြောင့်ခြင်း၊ မျက်ကွယ် ကုန်းများအား(Gradient)နှိမ့်ချခြင်း၊ လမ်းအူ ကြောင်း အသစ်ဖောက်လုပ်ခြင်းများ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်လမ်းမိုင်အရှည် ၈၁ မိုင် ၆ ဖာလုံမှ ယခုအခါ ၇၉ မိုင် ၅ ဖာလုံသာ ကျန်ရှိခဲ့သည်။ 

၎င်းအပြင် ဘုတ်ပြင်း-ကော့သောင်းလမ်း အပိုင်းသည် ၆၁၁ မိုင် ၃ ဒသမ ၅ ဖာလုံမှ ၇၄၁ မိုင် ၂ ဒသမ ၅ ဖာလုံအထိ ၁၂၉ မိုင် ၇ ဖာလုံ ရှိသည်။ ဒေသအခေါ် ကုန်း ၁၀ ကုန်းအား ဖြတ်သန်းသွားလာရပြီး ၁၉၉၀ ပြည့်နှစ်ကျော်ကာလများတွင် နှစ်ညအိပ်ခန့်သွားလာခဲ့ရသည်။ ယခင်က ကော့သောင်းမြို့မှ တခြားမြို့များသို့ သွားလာရန် လေကြောင်းနှင့် ရေကြောင်းလမ်းများကိုသာ အသုံးပြု၍ သွားလာခဲ့ ရသော်လည်း ၂၀၀၈ ခုနှစ်တွင် VES Group ကုမ္ပဏီ ကို ကတ္တရာကွန်ကရစ် (AC)လမ်း ၄၈ မိုင် ၁ ဒသမ ၆ ဖာလုံ ဖောက်လုပ်ရန် တာဝန်ပေးခဲ့ပြီး ယုဇန ကုမ္ပဏီက B.O.T စနစ်ဖြင့် လမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်မှစ၍ ယခုအခါ မြိတ်မြို့၊ တနင်္သာရီမြို့နှင့် ဘုတ်ပြင်းမြို့တို့မှ ကော့သောင်းမြို့သို့ ရာသီမရွေး၊ အချိန်မရွေး ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။ 

ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း လမ်းအား အပိုင်းလိုက်၊ နှစ်အလိုက် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ မလွှဲတောင်-ထားဝယ်အပိုင်းတွင် ကတ္တရာကွန်ကရစ် (AC)လမ်း၂၄ ပေအကျယ် မိုင် ၅၀၊ ၄ ဒသမ ၈ ဖာလုံ၊ ထားဝယ်-ပလောက်အပိုင်းတွင်ကတ္တရာကွန်ကရစ် (AC)လမ်း၂၄ ပေအကျယ်၂၈ မိုင် ၇ ဖာလုံ၊ ပလောက်- ပုလော-မြိတ်အပိုင်းတွင် ကတ္တရာကွန်ကရစ်(AC) လမ်း၂၄ ပေအကျယ် ၁၆ မိုင်၂ ဖာလုံ၊ မြိတ်-တနင်္သာရီ-ထုံခါအပိုင်းတွင် ကတ္တရာကွန်ကရစ် (AC)လမ်း၂၄ ပေအကျယ် ၅ မိုင် ၅ ဒသမ ၅ ဖာလုံ နှင့် ဘုတ်ပြင်း-ကော့သောင်း အပိုင်းတွင် ကတ္တရာ ကွန်ကရစ်(AC)လမ်း ၁၈ ပေအကျယ် ၄၈ မိုင်၂ ဒသမ ၃ ဖာလုံ စုစုပေါင်း ကတ္တရာကွန်ကရစ်(AC)လမ်း ၁၄၉ မိုင် ၅ ဒသမ ၆ ဖာလုံအထိ ဆောင်ရွက်ပြီးစီးခဲ့ပြီး တစ်လမ်းလုံး၏ ၃၀ ရာခိုင်နှုန်းကို ကတ္တရာ ကွန်ကရစ်(AC)လမ်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ကတ္တရာ ကွန်ကရစ် (AC)လမ်း ဆောင်ရွက်ပြီး လမ်းအပိုင်းများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် Road Furniture များကိုလည်း အာဆီယံလမ်းမကြီးများ၏ အဆင့်အတန်း နှင့်လျော်ညီစွာ တပ်ဆင်ဆောင်ရွက်ပေးထားပြီး ဖြစ်သည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသည် မြစ်ချောင်းများပေါများသည့်ဒေသဖြစ်ပြီး ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့မှုကြောင့် ထားဝယ်မှ ကော့သောင်းအထိ လမ်းအပိုင်းအား ဆက်သွယ်ဖောက်လုပ်နိုင်ခဲ့သည်။ ယခင် ဆယ်စုနှစ်များက ရေလမ်းခရီးရှပ်ပြေးယာဉ်ကိုသာ အားထားခဲ့ရာမှ ယခုအချိန်၌ လမ်းမကြီးအား အချိန်တိုတောင်းစွာဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ် နေသဖြင့် ဒေသတွင်းနှင့် နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်စည်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုဖြစ်ခြင်းကြောင့် အဓိက အသုံးပြုလျက်ရှိသည့် ၎င်းသွေးကြောလမ်းမကြီး(မလွှဲတောင်မှ ကော့သောင်းအထိ)နှင့် အခြားဆက်စပ်လမ်းများအား ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် မလွှဲတောင်မှ ကော့သောင်းသို့ ယာဉ်မောင်းကြာချိန် ၂၄ နာရီခန့်ကြာမြင့်သော်လည်း ယခုအခါ ၁၄ နာရီခန့်သာ ကြာမြင့်ခြင်းကြောင့် ၁၀ နာရီခန့် အချိန်ကုန်သက်သာလာခြင်း၊ လမ်းအဆင့်မြှင့်တင်ထားခြင်းကြောင့် ယာဉ်များပျက်စီးမှုလျော့နည်းလာခြင်း၊ ယာဉ်တိုက်မှုများ လျော့ကျလာခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ လျှော့ချနိုင်ခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာပြီး ဒေသစေတီပုထိုးများနှင့် ထင်ပေါ်ကျော်ကြားသည့် ကမ်းခြေများ၊ ကျွန်းများသို့ လာရောက်လည်ပတ်ကြခြင်းဖြင့် ဒေသခံများအတွက် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။ ၎င်းလမ်းအပိုင်းသည် အာဆီယံလမ်း အမှတ် (၁၁၂)တွင် ပါဝင်သည့်အတွက် အနိမ့်ဆုံး အာဆီယံ (Class III)အဆင့် လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယာဉ်အန္တရာယ် ဖြစ်စေနိုင် သော မျက်ကွယ်ကွေ့/မျက်ကွယ်ကုန်းများအား ဖြတ်ထုတ်၍ လမ်းဖြောင့်ခြင်းလုပ်ငန်းများကို အဆင့် မြှင့်တင် ဆောင်ရွက်လျက်ရှိသဖြင့် ယာဉ်ကြောင့် မတော်တဆအန္တရာယ်ဖြစ်ပွားမှုမှလွဲ၍ လမ်း အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။