ဘုရင့်နောင်တံတားအမှတ်(၁) ရေလယ်တိုင် သံပေါင်အထိုင်များ အသစ်လဲလှယ်

ရန်ကုန် ၁၃  အောက်တိုဘာ

လှိုင်မြစ်ကို ဖြတ်သန်း၍ တည်ဆောက်ထားသည့် ဘုရင့်နောင်တံတားအမှတ်(၁)၏ တံတားတိုင်များပေါ်ရှိ သံပေါင်အထိုင်များ အသစ်လဲလှယ်ခြင်းလုပ်ငန်းကို အောက်တိုဘာ ၅ ရက်မှစတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီးစားပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေလယ်တိုင် RP1 ရေစုန်ဘက်ရှိ သံပေါင်အထိုင်အား အသစ်လဲလှယ်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဘုရင့်နောင်တံတားအမှတ်(၁) အကြီးစားပြင်ဆင်ရေးလုပ်ငန်းခွင်မှ သိရသည်။

ဘုရင့်နောင်တံတားအမှတ်(၁)၏ တံတားတိုင်များပေါ်ရှိ သံပေါင်အထိုင်များ အသစ်လဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ရေလယ်တိုင်လေးတိုင်၊ ကမ်းကပ်ခုံနှစ်ခုံတိုပဖြင့် စုစုပေါင်း ခြောက်တိုင်ပေါ်ရှိ သံပေါင်အထိုင်များ အသစ်လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအနေအထားအရ RP1  ရေလယ်တိုင်ပေါ်ရှိ သံပေါင်အထိုင် နှစ်ခုအနက်မှ ရေစုန်ဘက်ရှိ သံပေါင်အထိုင်အား အသစ်လဲလှယ် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကာ ယနေ့တွင် ရေဆန်ဘက်ရှိ သံပေါင်အထိုင်ကိုလည်း ဆက်လက်လဲလှယ်သွားမည်ဖြစ်ကြောင်း တံတားစီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

၁၉၉၄ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါတံတား သက်တမ်းမှာ နှစ်ပေါင်း ၂၅ နှစ် နှစ် ရှိနေပြီဖြစ်သောကြောင့် သံပေါင်အထိုင်များနှင့် Expansion Joint များအား လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရါက်လျက်ရှိကြောင်း တံတားစီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

ဘုရင့်နောင်တံတားအမှတ်(၁) အရှည်မှာ ပေ ၁၅၄၀ ဒသမ ၈၃ ရှိပြီး လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၆ ပေစီ ပါဝင်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိသည်။ တံတားအုတ်မြစ်မှာ သံကူကွန်ကရစ်လွန်တူးပိုင် အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်တွင် အရှည် ၆၅ ဒသမ ၆ မီတာနှင့် မီတာ ၁၂၃ ရှိသည့် သံမဏိသံပေါင် သုံးခန်းပါဝင်တည်ဆောက်ထားကြောင်း သိရသည်။ တံတားကိုယ်ထည်ပိုင်းမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်ပိုင်းအား သံမဏိသံပေါင်ဖြင့် တည်ဆောက်ထားကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် ၂၀ ဖြစ်၍ တံတားအောက်ရေလမ်းကင်းလွတ် အကျယ် ပေ ၃၇၀ နှင့် တံတားအောက် ရေလမ်းကင်းလွတ်အမြင့် ၃၆ ပေရှိကြောင်း သိရသည်။

ပွင့်သစ္စာ