ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန Home Garden များမှ ထွက်ရှိသော ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိ

ဘုတလင် ၃ ဩဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလတွင် စားနပ်ရိက္ခာ ရှားပါးမှု မဖြစ်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Home Garden များမှ ထွက်ရှိသော ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို ဘုတလင်မြို့၊ ယာယီဈေးတွင် အပတ်စဉ် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာထံမှ သိရသည်။

 

mdn

 

အစားအသောက်များ ဘေးကင်းလုံခြုံရေးနှင့် ဓာတုကင်းလွတ်သော ဟင်းသီးဟင်းရွက်များကို ပြည်သူများ စားသုံးနိုင်ရေးအတွက် Home Garden များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး Organic ဈေးဆိုင်များ ပေါ်ပေါက်လာရေးအတွက် Home Garden များမှ ထွက်ရှိသော ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာက ပြောသည်။

 

ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက Home Garden အစီအစဉ်များကို မြို့မ၊ ဆည်ဝ၊ ညောင်ကန်နှင့် ကင်းစမ်းကျေးရွာတို့ရှိ စိုက်ပျိုးရေးနည်းပညာပေး စင်တာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့ပေးသည့် မျိုးစေ့အမျိုးအစား (၂၀)ဖြင့် ဟင်းသီးဟင်းရွက်ပင်များ၊ ပန်းအလှပင်များနှင့် နှစ်ရှည်ပင်များကို စိုက်ပျိုးထားကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)