ဘုတလင်မြို့နယ်မှ သားအမိနှစ်ယောက်ကို ရိုက်သတ်ခဲ့သူကို ၃၆  နာရီအတွင်း ဖမ်းဆီးရမိ

ဘုတလင်          ၇      ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာအုပ်စု၊ မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ကွမ်းခြံအတွင်း၌ ဒီဇင်ဘာ ၅ ရက်က သားအမိနှစ်ယောက်ကို ရိုက်သတ်ခဲ့ သည့် ပြစ်မှုကျူးလွန်သူကို ၃၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး တင်မြင့်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားသက်သေများက အခင်းဖြစ်နေရာ ပတ်ဝန်းကျင်သို့ သွားရောက်စုံစမ်းခဲ့ရာ မျက်မြင် သက်သေ(၂)ဦး၏ ပြောပြချက်အရ ရွာရှည်(မြောက်)ကျေးရွာမှ ဦးလှမင်းသည် အခင်းဖြစ်ကွမ်းခြံအနီး တဲအတွင်းမှ ရေပိုက်ပျော့များအား ယူဆောင်ပြီး ကွမ်းခြံဘက်မှ ဖြတ်လာသည်ကို တွေ့မြင်ခဲ့ကြောင်း သတင်းရရှိသဖြင့် မသင်္ကာသူများအား အချိန်နှင့် တစ်ပြေးညီ စစ်ဆေးခဲ့သည်။

 

အဆိုပါ ဦးလှမင်း(ခ)မြမောင်(၆၃-နှစ်)အား စစ်ဆေးရာ ဒီဇင်ဘာ ၇ ရက်၊ နံနက် ၅ နာရီအချိန်တွင် ဦးလှမင်း(ခ)မြမောင်က မရီရီသန့်နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း(ခ)မစုသန္တာထွန်းအား အခင်းဖြစ်နေရာတွင် ထားရှိခဲ့သည့် သစ်သားတုတ်ဖြင့် ရိုက်သတ် ခဲ့ကြောင်း၊ မရီရီသန့်အား ကာမရယူရန် ကြံစည်ရာမှ ငြင်းပယ်သဖြင့် တိုင်တန်းမည်ကို စိုးရိမ်သောကြောင့် သားအမိနှစ်ယောက်အား ရိုက်သတ်ခဲ့ကြောင်း၊ ၎င်းကျူးလွန်စဉ် ဝတ်ဆင်ခဲ့သည့် ပုဆိုးနှင့် အင်္ကျီကို မီးရှို့ခဲ့ကြောင်း ထွက်ဆိုသဖြင့် ၎င်းနေထိုင်ရာအိမ်သို့ သွားရောက်ပြီး မီးကျွမ်းနေသည့် ပုဆိုးနှင့် အင်္ကျီများ၏ ပြာများနှင့် ထန်းရွက်ခြောက်အပိုင်းအစများ၊ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် စက်ဘီး၊ သေဆုံးသူ၏ ကွမ်းခြံမှ ပိုက်ပျော့များနှင့် ရိုက်နှက်ရာတွင် အသုံးပြုခဲ့သည့် သွေးစွန်းနေသော သက်သေခံ သစ်သားတုတ်တို့အား သိမ်းဆည်းခဲ့ပြီး ဦးလှမင်း(ခ)မြမောင်အား ဖမ်းဆီးကာ ဘုတလင်မြို့မရဲစခန်းက ဆက်လက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN