ဘုတလင်မြို့နယ်တွင် သီးကြို(ရေလိုက်ကြဲ)စိုက်စနစ်ဖြင့် ပဲယင်း စိုက်ပျိုးမှု ကွင်းသရုပ်ပြ

ဘုတလင်  ၁၂  ဒီဇင်ဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ရာသီဥတု ပြောင်းလဲမှုအရ သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးအတွက် သီးကြို(ရေလိုက်ကြဲ)စိုက်စနစ်ဖြင့် ပဲယင်း စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာလ (၁၂)ရက်၊ နံနက်(၉)နာရီအချိန်က ဆည်ဝကျေးရွာ၊ အဆင့်မြင့်လယ်ယာဧက(၁၀ဝ)စိုက်ကွင်း၊ကွင်း အမှတ် (၁၄၅)ရှိ တောင်သူ ဦးတင်မျိုးဝင်း၏ စိုက်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

0159

 

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာက ရာသီဥတု ပြောင်းလဲမှုအရ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု လျော့နည်းမသွားစေရေးအတွက် သီးကြို(ရေလိုက်ကြဲ)စိုက်စနစ်နှင့် ဆောင်းသီးထပ် (ခုတ်ဖုံး) စိုက်စနစ်တို့ဖြင့် အခြားသီးနှံများကို စပါး မရိတ်သိမ်းမီ ကြဲပက်စိုက်ပျိုးနိုင်ပါကြောင်း၊ သီးကြို (ရေလိုက်ကြဲ) စိုက်စနစ်ဖြင့် ပဲယင်း၊ ကုလားပဲ၊ ပဲချဉ်ပေါင်နှင့် ကြက်သွန်တို့ကို စိုက်ပျိုးနိုင်ပါကြောင်း၊ စပါး မရိတ်သိမ်းမီ လယ်ထဲတွင် ရှိနေသည့် ရေအစိုဓာတ်ကို အသုံးချပြီး အခြားသီးနှံများ စိုက်ပျိုးခြင်း ဖြစ်ပါကြောင်း  ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက တစ်ဧကလျှင် ပဲယင်း(၄)ပြည်နှုန်းဖြင့် ဧက(၂၀)ရှိ စပါး စိုက်ခင်းအတွင်း ပဲယင်းမျိုးစေ့များ ကြဲပက်သရုပ်ပြကြရာ တောင်သူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

 

789

 

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်အောင်၊ မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးကျော်မိုးလွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)