ဘုတ်ပြင်းမြို့နယ် ဝါးချောင်းကျေးရွာအနီး၌ အမြီးဖြတ်ထားသည့် တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

ဘုတ်ပြင်း  ၁၆   ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ဝါးချောင်းကျေးရွာအနီး၌ ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီခန့်က အမြီးပိုင်း ဖြတ်တောက်ခံထားရသည့် တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ဝါးချောင်းကျေးရွာအနီးတွင် ဇန်နဝါရီ ၁၅ ရက်နေ့ညနေ ၅ နာရီခန့်က တောဆင်ရိုင်းတစ်ကောင် သေဆုံးနေကြောင်း သတင်းအရ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်လွင်ပိုင်စိုးအဖွဲ့၊ ဝါးဒင်းကျေးရွာတာဝန်ခံ ဦးအေးမင်းဇော်(ခ)ကိုသားကြီးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည့် ဝါးချောင်း ကျေးရွာအနီး တောဆင်ရိုင်း သေဆုံးနေသော နေရာသို့ ညနေ ၅ နာရီခွဲခန့်တွင် ရောက်ရှိခဲ့ရာ အမြင့်(၈)ပေ၊ အလျား(၁၀)ပေ၊ လုံးပတ်(၁၃)ပေ၊ နှာမောင်း (၅) ပေ၊ အမြီးလှီးဖြတ်ယူသွားခံရသော အသက် (၂၅)နှစ်ခန့်၊ တောဆင်ရိုင်း(အထီး) ဟိုင်းဆင်၊ အစွယ်မရှိ တောဆင်ရိုင်းတစ်ကောင်သည် အဆိပ်လူးမြားဒဏ်ရာဟုယူဆရသော ဘယ်ဘက်နံကြားတွင် မြားဒဏ်ရာ(၁)ချက်၊ ဘယ်နားရွက်အနောက်ဘက်တွင် မြားဒဏ်ရာ(၂)ချက်ဖြင့် ဆင်သားရေခွာယူထားမှုမရှိဘဲ၊ ဆင်အမြီးလှီးဖြတ်ယူသွားခံရပြီး မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့(နယ်မြေ) ရဲစခန်းသို့ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ် ဦးဇော်ဇော်ဝင်းမှ ဇန်နဝါရီ ၁၆ ရက်နေ့တွင်အမှုဖွင့် အရေးယူပေးရန် လာရောက်တိုင်တန်းခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးမဏ္ဍိုင်မြို့(နယ်မြေ)ရဲစခန်းမှ ဇီဝမျိုးစုံမိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁(က)အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"ဘုတ်ပြင်းမြို့နယ်ထဲမှာ ဆင်မုဆိုးတွေ အခြေချလာနေတဲ့သဘော သက်ရောက်နေပြီလားလို့ ထင်ရတယ်။ ပထမအကြိမ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တောဆင်ရိုင်းတစ်ကောင်တော့ အရေခွံ ခွါလျက်သေဆုံးနေတာတွေ့ရတယ်။ အခုတစ်ခါ ဒုတိယအကြိမ် တောဆင်ရိုင်းတစ်ကောင်တော့ အမြီးလောက်ပဲ ဖြတ်ခံထိပြီး သေဆုံးနေတာတွေ့တယ်။ ဒါကလည်း လမ်းနဲ့ အရမ်းနီးနေလို့ ဒီလောက်ပဲ အချိန်ရလိုက်သလားတော့ မသိဘူး။ ဒီပုံစံအတိုင်းသာ ဆက်သွားနေရင်တော့၊ နောက်ပိုင်းကျရင် ဆင်ကို အရုပ်ရေးရတော့မယ် ထင်ပါတယ်" ဟု ဒေသခံ ကျေးရွားသား ကိုဇော်ချစ်က ပြောဆိုသည်။

 

မြင့်ဦး(မြိတ်)