ဘယ်လောက်စားစား ဗိုက်မဝဘဲ အမြဲဆာနေတာ ဘာလို့လဲ

ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက်ဟာ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကနေ အစာလိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ လူက ဗိုက်ဆာလာပြီဆိုရင် ဝမ်းဗိုက်ကထဲကနေ ဂွီဂွီနဲ့ အသံတွေထွက်နေမယ်၊ စိတ်တိုဒေါသဖြစ်မယ်၊ ဘာကိုမှ အာရုံစုစည်းလို့မရတော့ဘဲ ခေါင်းကိုက်နေမှာပေါ့။

 

ပုံမှန်လူတစ်ယောက်က အစာစားပြီး နောက်တစ်ကြိမ်ထပ်မစားခင်အထိ နာရီတော်တော်များများ နေနိုင်တယ်ဆိုပေမဲ့ တချို့လူတွေမှာတော့ ဘယ်လောက်ပဲစားစား ဗိုက်ကဝသွားတယ်လို့ကို မခံစားရဘဲ တစ်ခုမဟုတ် တစ်ခု ရေခဲသေတ္တာထဲကနေ လိုက်ရှာပြီး ပါးစပ်ထဲထည့်ဝါးလိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းရင်းတွေကြောင့် ခဏခဏဗိုက်ဆာတတ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

 

၁။ ပရိုတင်းဓာတ် လုံလောက်စွာ မစားသုံးခြင်း

 

ပရိုတင်းဓာတ်လို့ ခေါ်တဲ့ အသားဓာတ်ဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြွက်သား ထုတည်ဆောက်ခြင်းနဲ့ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်၊ တစ်နေ့တာကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ဗိုက်ကိုပြည့်ဝစေပြီး အစာခဏခဏ စားချင်စိတ်ကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ အသား၊ ငါး၊ ပဲ၊ နွားနို့၊ ဥတွေကို အစားနည်းတဲ့သူတွေမှာ အစာစားပြီးတိုင်းလည်း ဗိုက်သိပ်ဝသလို မခံစားရဘဲ ခဏလေးနဲ့ ဗိုက်ပြန်ဆာတတ်ပါတယ်။

 

၂။ အိပ်ရေးမဝခြင်း

အိပ်ချိန်သည် လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ တစ်နေ့တာလိုအပ်တဲ့ အိပ်ချိန်ကို မရရှိတဲ့အခါ ဦးနှောက်က ကောင်းစွာအလုပ်မလုပ်နိုင်ပါဘူး။ ဒါ့အပြင် အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနေတဲ့ ဂရီလင်ဟော်မုန်းတွေကို တိုးစေလို့ မကြာခဏအိပ်ရေးပျက်တဲ့သူတွေမှာ တခြားသူတွေထက် အစာပိုစားတတ်ကြတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ညအိပ်ချိန်ကို တစ်ရက်လျှင် ၇နာရီခန့်ရှိဖို့ လိုအပ်ပါတယ်နော်။

 

၃။ ရေများများ မသောက်ခြင်း

 

ရေကို တစ်နေ့ ၂လီတာထက် နည်းပြီး သောက်တဲ့သူတွေမှာ တခြားသူတွေထက် ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပါတယ်။ ကိုယ်ခန္ဓာက ရေဓာတ်နည်းတဲ့အခါ အစာခြေစနစ်က ကောင်းစွာအလုပ်မလုပ်နိုင်သလို အာဟာရဓာတ် စုပ်ယူမှုအားလည်း နှေးကွေးသွားပါတယ်။ အဲ့လို အစာချေဖျက်ခြင်း နှေးသွားတဲ့အခါ ဗိုက်ထဲ အစာရောက် သွားရင်တောင် ဗိုက်ဝသွားတယ်လို့ မခံစားမိဘဲ ဆက်တိုက်စားဖြစ်ရင်းကနေ ဗိုက်တင်းကားတဲ့အထိ စားမိတတ်ပါတယ်။ ဒါကြောင့် ထမင်းမစားခင် အနည်းဆုံး နာရီဝက်လောက် ကြိုတင်ပြီး ရေလီတာဝက်လောက် သောက်ထားသင့်ပါတယ်။ တစ်နေ့လုံးစာ အတွက် ရေကို အနည်းဆုံး ၃လီတာလောက်တော့ ရအောင်သောက်ပေးပါ။

 

၄။ အမျှင်ဓာတ်နည်းခြင်း

 

အမျှင်ဓာတ်ကို ဟင်းသီးဟင်းရွက်၊ အသီးအနှံကနေ အများဆုံးရရှိပြီး အစာခြေစနစ်ကို အထောက်အကူပေးပါတယ်။ ဒီလိုဟင်းသီးဟင်းရွက်တွေကို နည်းနည်းပဲ စားပြီး အသားတွေပဲ စားတဲ့အခါ အစာအိမ်က အစာချေဖျက်နှုန်းနှေးသွားစေတဲ့အတွက် ဗိုက်မဝသေးဘူးအထင်နဲ့ ထပ်ကာတလဲလဲ အစာတွေ စားမိတတ်ပါတယ်။

 

၅။ အစားကို အာရုံစိုက်မစားခြင်း

 

အစာစားနေတဲ့အချိန် ရုပ်ရှင်ကြည့်တာ၊ ဖုန်းသုံးတာတွေ လုပ်နေရင် ကိုယ်စားနေတဲ့အစာကို သေချာအာရုံစိုက်ပြီး မဝါးနိုင်ဘဲ ဒီအတိုင်းမျိုချတတ်တာမျိုး လုပ်ဖူးကြမှာပါ။ အဲ့လိုမျိုး ကိုယ်စားတဲ့ အစားအစာကို စိတ်အာရုံနှစ်ပြီး မစားဘူးဆိုရင်လည်း ခဏလည်း ဗိုက်ပြန်ပြန်ဆာတာ၊ စားပြီး ဗိုက်မဝတာမျိုး ဖြစ်တတ်ပါတယ်။

 

၆။ လေ့ကျင့်ခန်းလုပ်လွန်းလို့

 

လေ့ကျင့်ခန်း၊ အားကစားအပြင်းအထန်လုပ်တဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ် ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေက ပိုပြီးအလုပ်လုပ်ရတဲ့အတွက် အားအင်ကုန်ခမ်းပြီး ရေဓာတ်ဆုံးရှုံးမှုပိုများပါတယ်။ အဲ့လို ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ကိုယ်ခန္ဓာက ပုံမှန်ထက်ပိုပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

 

၇။ အရက်သောက်နေကျမို့လို့

 

ညဆိုရင် တစ်ခွက်တစ်ဖလား မော့ပြီးမှ အိပ်တတ်တဲ့အကျင့်ရှိသူတွေမှာ ပုံမှန်ထက် အစားပို စားတတ်ပြီး စားပြီးတိုင်းလည်း ဗိုက်က ပြည့်ဝသွားတယ်ဆိုတဲ့ ခံစားချက်မျိုး မရဘဲ တစ်ခုမဟုတ်တစ်ခု ဗိုက်ထဲထည့်နေရမှ ကျေနပ်နေတတ်ပါတယ်။

 

၈။ စိတ်ဖိစီးမှုများနေလို့

 

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေမှာ ခံတွင်းပျက်ပြီး ဘာမှမစားနိုင် မသောက်နိုင်တာ မျိုးလည်း ရှိသလို မျက်စိထဲမြင်တာ အကုန်လျှောက်ရှာပြီး ပါးစပ်ထဲ ထည့်တတ်တဲ့အကျင့်တွေလည်း ဖြစ်လာနိုင်ပါ တယ်။ အဓိကကတော့ စိတ်ဖိစီးမှုကို ပြေလျော့သွားစေဖို့ စိတ်က အစားဘက်ကို အာရုံလွှဲ ပြောင်းပေးလိုက်တဲ့ သဘောပါပဲ။

 

၉။ အစာစားတာ အရမ်းမြန်လို့

 

အစားကို ဖြည်းဖြည်းနဲ့ မှန်မှန်ဝါးပြီး မစားဘူး။ တစ်လုပ်ပြီး တစ်လုပ် ပါးစပ်ထဲထည့်၊ ကျေညက်အောင် မဝါးဘဲ မျိုချတယ်၊ အစားကိုလည်း ခဏလေးနဲ့ ကုန်အောင်စားတတ်တဲ့ အကျင့်ရှိသူတွေမှာ တော်ရုံနဲ့ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်မဖြစ်သလို မကြာခဏ ဆာလောင်နေတတ်ပါတယ်။

 

ပုံမှန်အားဖြင့်တော့ ကိုယ့်ရဲ့ တစ်နေ့တာနေထိုင်စားသောက်မှုပုံစံကြောင့် အစားကို ပုံမှန်ထက်ပိုစားတတ်တဲ့ အကျင့်ဖြစ်လာတာပါ။ ဟော်မုန်းအပြောင်းအလဲရှိသူတွေ၊ တချို့သော ရောဂါပျောက်ဆေး သောက်နေရသူတွေမှာလည်း နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အစားအလွန်အမင်းစားချင်စိတ်တွေ ဖြစ်တတ်ပါတယ်။ အဓိက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်ရင်တော့ အဆင်ပြေသွားမှာပါ။

 

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

ရေးသားသူ Ye Myo Myat ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်