ဗီယက်နမ် ရေနံစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်ကို ဆလိုဗက်ငြင်းဆို

ဘရာတစ်ဆလားဗား ၄ ဩဂုတ်

ဘာလင်မှ ဗီယက်နမ် ရေနံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို လွန်ခဲ့သည့်နှစ်က ပြန်ပေးဆွဲရာတွင် အစိုးရလေယာဉ်ကို အသုံးပြုခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြပြီးနောက် ယင်းပြန်ပေးဆွဲမှုတွင် ဆလိုဗက်ကီးယား ပါဝင်သည်ဆိုသည့်အချက်ကို ဆလိုဗက်ကီးယားက ငြင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ဂျာမန်သတင်းစာဖြစ်သည့် the daily Dennik N  တွင်စွပ်စွဲမှုများကိုဖော်ပြခဲ့ပြီးဖြစ်ရာ ယင်းဖော်ပြချက်တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင် Trinh Xuan Thanh  ကို ပို့ဆောင်ရာတွင် ဗီယက်နမ်အရာရှိများက ဆလိုဗက် အစိုးရ လေယာဉ်တစ်စင်းကို အသုံးပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီတာလာဆာရော့ဗ်က ဆလိုဗက် အရာရှိများသည် ဗီယက်နမ်နိုင်ငံသားတစ်ဦးအား ပြန်ပေးဆွဲမှုတွင် မပါဝင်ခဲ့ကြောင်း ဩဂုတ် ၃ ရက်က ပြောခဲ့သည်။ ဂျာမန်သတင်းစာဖြစ်သည့် nhf the daily Dennik N  တွင် ဖော်ပြခဲ့သည့် သတင်း အချက်အလက်များသည် လုပ်ကြံလီဆယ်သည့် သတင်းအချက်အလက်များသာ ဖြစ်သည်ဟုဆိုကာ ၎င်းက စွပ်စွဲချက်များကို ပယ်ချခဲ့သည်။

အရက်မူးပြီး ပွန်းပဲ့ဒဏ်ရာများ ရနေဟန်တူသူများသည် ဘရာတစ် ဆလာဗားလေဆိပ်၌ ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်သွယ်ပြီး ဆလိုဗက် အစိုးရလေယာဉ်ပေါ်သို့ တက်သွားကြောင်း အမည်မဖော်လိုသူ ဆလိုဗက်ရဲများ၏ ပြောစကားကို ကိုးကား၍ သတင်းတွင် ရေးသားဖော်ပြထားသည်။ ထိုအချိန်က ဗီယက်နမ်ပြည်သူ့ လုံခြုံရေးဝန်ကြီး တူလန်လည်း ဆလိုဗက်ကီးယားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေကြောင်း ဂျာမန်နေ့စဉ်သတင်းစာတစ်ခုဖြစ်သော Frankfurter Allgemeine Zeitung  တွင်ဖော်ပြခဲ့သည်။

ဆလိုဗက်ဝန်ကြီးချုပ် ပီတာ ပယ်လီဂရီနီက အဆိုပါကိစ္စတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ၎င်း၏ အစိုးရအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်မှုကိုကာကွယ်ရန် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မှုမှလွဲပြီး အခြားနည်းလမ် မရှိတော့ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ ပြန်ပေးဆွဲခံရသည့် Thanh  သည် ဗီယက်နမ်ရေနံ ကုမ္ပဏီဖြစ်သည့် ပီဗွီစီ၏ ယခင်ဥက္ကဋ္ဌဟောင်းဖြစ်သည်။ ၎င်းသည်ဗီယက်နမ်မှ အကျင့်ပျက်ခြစားမှုများဖြင့် အလိုရှိနေသည့် တရားခံပြေး တစ်ယောက်ဖြစ်ကြောင်းသိရပြီး ဂျာမနီ နိုင်ငံ၌ နိုင်ငံရေးခိုလှုံနေသူတစ်ဦးဖြစ်သည်။ ၎င်းသည် ဘာလင်တီယာပန်းခြံတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လက လမ်းလျှောက်နေစဉ် ဗင်ကားတစ်ခုထဲ အတင်းဆွဲခေါ်ခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် ဗီယက်နမ်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ၎င်း၏ မှားယွင်းသောလုပ်ရပ်များအတွက် ၎င်းကို ဗီယက်နမ် တရားရုံးက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အေအက်ဖ်ပီ