ဗီယက်နမ်မြောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါက်ကွဲမှု လူ ၃ဦး သေဆုံး

ဟနွိုင်း ၂၄ သြဂုတ်

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၊ ကိုင်ဗန်ပြည်နယ်အတွင်းရှိ ပြည်နယ်လမ်းမကြီးတစ်ခု ပြုပြင်မွမ်းမံရန်အတွက် ဒိုင်းနမိုက်ခွဲရန် ပြင်ဆင်နေချိန် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အလုပ်သမား ၃ ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက သြဂုတ် ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

သေဆုံးသူ ၃ ဦးမှာ အသက် ၂၁ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ပြီး၊ ဒဏ်ရာရရှိသူမှာ အသက် ၂၂ နှစ်အရွယ်အမျိုးသား ဖြစ်သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများမှာ အဆိုပါပြည်နယ်အတွင်းရှိ သောင်နောင်ခရိုင်အတွင်းနေထိုင်ကာ ဒေသခံ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်သူနေသူများ ဖြစ်သည်။ 

အလုပ်သမားများက ကျောက်မိုင်းခွဲရန်အတွက် ဒိုင်းနမိုက်နှင့် လျှပ်စစ်ကေဘယ်လ်ကြိုးများ ပြင်ဆင်နေချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး မိုးရွာသွန်းစဉ် မိုးကြိုးပစ်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသန္တရ ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်