ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်ပထမလေးလအတွင်း နိုင်ငံခြားခရီးသွား ၆ ဒသမ ၂ သန်း နီးပါးဝင်ရောက်

ဧပြီ ၃၀

 ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်ပထမလေးလအတွင်း နိုင်ငံခြားခရီးသွား ၆ ဒသမ ၂ သန်း ဝင်ရောက်မှုရှိရာ ၂၀၁၉ ခုနှစ်အလားတူကာလကထက် ၃ ဒသမ ၉ ရာခိုင်နှုန်းပိုမိုများပြားခဲ့ပြီး နှစ်စဉ်ခရီးသွားဝင်ရောက်မှု ၆၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဗဟိုစာရင်းအင်းရုံးက ယမန်နေ့ကဖော်ပြထားသည်။ ဧပြီလအတွင်းမှာပင် နိုင်ငံခြားခရီးသွား ၁ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှု ၅၈ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။ နိုင်ငံခြားခရီးသွားဝင်ရောက်မှုများပြားခြင်းသည် ဗီဇာမူဝါဒများနှင့် ထိရောက်သော ခရီးသွားလုပ်ငန်း မြှင့်တင်မှုအစီအစဉ်များကြောင့်ဟု ယူဆရသည်။ ယခုနှစ်ပထမလေးလအတွင်း ဗီယက်နမ်နိုင်ငံသို့လေကြောင်းဖြင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၅ ဒသမ ၂ သန်းနီးပါးရှိပြီး ခရီးသွားဝင်ရောက်မှုစုစုပေါင်း၏ ၈၃ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ အာရှမှခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး  ခရီးသွားဝင်ရောက်မှု ၄ ဒသမ ၇သန်းရှိကြောင်းနှင့် ယင်းဒေသမှနှစ်စဉ်ခရီးသွားဝင်ရောက်မှု ၇၇ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်အတွက် နိုင်ငံခြားခရီးသွား ၁၈ သန်းခန့်ဝင်ရောက်ရန် ရည်မှန်းထားကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို